အာဏာသိမ်းစစ်ကောင်စီအစီအစဉ်ဖြင့် နေရပ်ပြန်သွားကြသည့် စစ်ဘေးရှောင်တချို့ ထောက်ပံ့ငွေမရသေး

0
358

ရခိုင်ပြည်အတွင်း စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော် (AA) တို့ တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေကြရသည့် စစ်ဘေးရှောင်များကို စစ်ကောင်စီက ထောက်ပံ့ငွေတချို့ပေးကာ နေရပ်ပြန်ခိုင်မှုများ လုပ်ဆောင်လျက်ရှိသည်။

ထိုသို့ နေရပ်ပြန်သွားသည့် စစ်ဘေးရှောင်များအတွက် ငွေကျပ် ၆ သိန်းနှင့် စားနပ်ရိက္ခာတစ်လစာအပြင် အခြားအိမ်အသုံးအဆောင်ပစ္စည်းများကို ထောက်ပံ့ပေးသော်လည်း စစ်ဘေးရှောင်တချို့မှာ အဆိုပါ ထောက်ပံ့မှုကို မရရှိသေးကြောင်း ကာယကံရှင်များထံမှ သိရသည်။

နေရပ်ပြန်လာသူ မင်းပြားမြို့နယ်၊ ဖားပြိုကျေးရွာမှ ဦးမောင်သန်းနုက “ကျနော်တို့က နေရပ်ပြန် မယ့်စာရင်းထဲမှာပါပေမယ့် သူတို့ (စစ်ကောင်စီ)က ငွေထောက်ပံ့မှုပေးတဲ့အထဲမှာ ကျနော်တို့မပါဘူး။ တခြားလူတွေကတော့ရကြတယ်။ ကျနော်တို့လည်း သူများတွေလို့တော့ရချင်တယ်။ အခု စာဝတ်နေ ရေးကအစ အခက်အခဲတွေရှိတယ်” ဟု ပြောသည်။

ရခိုင်ပြည်အတွင်း စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော် (AA) တို့ကြား တကျော့ပြန်တိုက်ပွဲရပ်တန့်ပြီးနောက် စစ်ကောင်စီက မိုင်းရှင်းလင်းပေးခြင်းမရှိဘဲ စစ်ဘေးရှောင်များနေရပ်ပြန်ရေး ကိစ္စများကို ဆောင်ရွက်လာခဲ့သည်။

လက်ရှိ စစ်ဘေးရှောင်တချို့မှာ စစ်ကောင်စီထံမှ ထောက်ပံ့ငွေမရရှိသလို တောတောင်သို့သွားရောက်ကာ လုပ်ကိုင်စားသောက်ရန်အတွက် မိုင်းအန္တရာယ် စိုးရိမ်မှုရှိနေသဖြင့် စားဝတ်ရေးအခက်အခဲနှင့် ကြုံတွေ့ရေကြရသည်။

“ထွေအုပ်ရုံးက ကျမတို့နာမည်မပါဆိုပြီးတော့ ပြောတယ်။ အဲဒါကြောင့် ကျမတို့ ထောက်ပံ့ငွေကိုမရခဲ့ဘူး။ ကျမတို့စခန်းက နေရပ်ပြန်ဖို့အတွက် စာရင်းတင်တာက အိမ်ထောင်စု ၁၂ စုတင်တာ။ အဲဒီထဲက အိမ်ထောင်စု ၅ စုမရဘူး။ ကျန်တဲ့သူတွေရတယ်” ဟု နေရပ်ပြန်လာသူ ကျောက်တော်မြို့နယ်၊ သာစည်ကျေးရွာမှ ဒေါ်လှသိန်းက ပြောသည်။

အဲဒီကိစ္စနှင့်ပတ်သက်၍ ပြည်နယ်စစ်ကောင်စီအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ဦးလှသိန်းကို DMG က ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားမရှိခဲ့ပေ။

စစ်ကောင်စီတပ်နှင့်ရက္ခိုင့်တပ်တော် (AA) တို့ တိုက်ပွဲရပ်တန့်ပြီးနောက် ရခိုင်နှင့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တွင် စစ်ကောင်စီအစီအစဉ်နှင့် နေရပ်ပြန်သွားသည့် စစ်ဘေးရှောင်စုစုပေါင်း ၇၀၀၀ ခန့် ရှိလာနေပြီဖြစ်သည်။

စစ်ကောင်စီအစီအစဉ်နှင့် နေရပ်ပြန်သွားကြသည့် စစ်ဘေးရှောင်များနှင့်ပတ်သက်၍ မိုင်းရှင်းလင်းပေးခြင်းမရှိသည့်အပြင် ထောက်ပံ့ငွေကိုပါမရရှိသဖြင့် နေရပ်ပြန်ရန်အတွက် စိုးရိမ်မိကြောင်း မြောက်ဦးမြို့နယ်၊ တိမ်ညိုစစ်ဘေးရှောင်စခန်းမှ ဒေါ်အေးစောညွန့်က ပြောသည်။

“ဒီမှာက (စခန်း) တစ်ရက်စားဖို့ ငွေ ၇,၀၀၀ နဲ့မလုံလောက်တော့ဘူး။ ဒါကြောင့် ကိုယ့်ရပ်ရွာပြန်ပြီး တောင်ယာလုပ်ငန်းလုပ်ကိုင်စားသောက်ရင်ကောင်းမလားဆိုပြီး နေရပ်ပြန်ဖို့စာရင်းပေးထားတယ်။ ဒါပေမယ့် မိုင်းလည်းမရှင်းပေး ထောက်ပံ့ငွေမရသူတွေလည်းရှိတော့ ရွာပြန်ဖို့ကိုစိုးရိမ်းနေတယ်” ဟု ဒေါ်အေးစောညွန့်က ပြောသည်။

လက်ရှိ မြောက်ဦးမြို့နယ်၊ တိမ်ညိုစစ်ဘေးရှောင်စခန်းတွင် စားဝတ်နေရေးအခက်အခဲရှိလာနေသဖြင့် စစ်ကောင်စီထံ နေရပ်ပြန်ရန်အတွက် စာရင်းပေးထားသည့် စစ်ဘေးရှောင် ၁၀၀ ခန့်ရှိကြောင်း သိရသည်။

စစ်ကောင်စီက စစ်ဘေးရှောင်များကို မိုင်းရှင်းလင်းပေးခြင်းမရှိဘဲ နေရပ်ပြန်ခိုင်းနေပြီး တာဝန်ယူမှု၊ တာဝန်ခံမှုအပိုင်းမှာလည်း အားနည်းနေဆဲဖြစ်ကြောင်း စစ်ဘေးရှောင်များကို ကူညီဆောင်ရွက်ပေး နေသည့် ကိုအမ်းသားကြီးက ပြောသည်။

“စစ်ဘေးရှောင်တွေအနေနဲ့ အိမ်ကိုပြန်ဖို့မလွှတ်ရင်တောင်မှ ကိုယ့်အိမ်၊ ကိုယ့်ရာကို ပြန်ချင်တာကတော့ လူတိုင်းလိုလိုပါပဲ။ ပြန်လည်းပြန်သင့်တဲ့အလုပ်တစ်ခုပါ။ စစ်ကောင်စီရဲ့ မိုင်းအန္တရာယ်တွေကို ဖြေရှင်း ပေးရင်တော့ စစ်ဘေးရှောင်တွေအနေနဲ့ အကုန်လုံးနေရပ်ပြန်မှာဖြစ်တယ်။ အခုကအဲဒီလိုမရှိဘူး။ တာဝန်ယူမှုအားနည်းတယ်လို့မြင်ပါတယ်” ဟု ကိုအမ်းသားကြီးက ပြောသည်။

ရခိုင်ပြည်တွင် စစ်ကောင်စီတပ်နှင့်ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲရပ်တန့်နေသည်မှာ ၅ လနီးပါးကြာမြင့် လာခဲ့ပြီဖြစ်သည်။

အောင်ထိန် (DMG) ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here