အသက်မပြည့်သူများနှင့် အသက်ကျော်လွန်နေသူများ စစ်မှုထမ်းစုဆောင်းခံရမှု စစ်ကော်မရှင် ဝန်ခံ

By MPM 27 ဖေ‌ဖော်ဝါရီ, 2026 👁 6

စစ်မှုထမ်း ဥပဒေအရ အသက်မပြည့်သေးသူများနှင့် အသက်ကျော်လွန်နေသူများကို စစ်မှုထမ်းစုဆောင်းမှုများ တွေ့ရကြောင်း စစ်ကော်မရှင်၊ စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ဥက္ကဋ္ဌ ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး မောင်မောင်အေးက ပြောသည်။

ဖေဖော်ဝါရီ ၂၆ရက်က ပြုလုပ်သည့် စစ်မှုထမ်းဆင့်ခေါ်ရေး ဗဟိုအဖွဲ့အစည်းအဝေးတွင် ပြောဆိုခဲ့ခြင်းဖြစ်ကြောင်း ယနေ့ထုတ် စစ်ကော်မရှင်ထိန်းချုပ် သတင်းစာများတွင် ဖော်ပြသည်။

“လေ့ကျင့်ရေးသင်တန်းကျောင်းများသို့ မပို့ဆောင်မီ စုရပ်များတွင် စိစစ်ရာ၌ အသက်မပြည့်သေးသူများ၊ အသက်ကျော်လွန်သူများ တွေ့ရှိရသဖြင့် ပြန်လည်စေလွှတ်ပေးခဲ့ရသည်များရှိ၍ စစ်မှုထမ်းသက်နှင့် အကျုံးဝင်သူများကို သေချာစွာ စိစစ်ဆင့်ခေါ်ရန် လိုအပ်ကြောင်း” ဟု ဗိုလ်ချုပ်ကြီး မောင်မောင်အေးက ပြောသည်။

စစ်မှုထမ်းဆင့်ခေါ်ရေးတွင် တာဝန်ရှိသူများနှင့် ကြားခံလူများက ဥပဒေကို လက်တလုံးခြား ဆောင်ရွက်မှုများနှင့် မတရားပြုလုပ်ပါက အရေးယူနိုင်ရေး ကြပ်မတ်သွားရန်လိုပြီး လက်ရှိတွင်လည်း အရေးယူပြီး၊ အရေးယူဆဲအမှုများ ရှိကြောင်းလည်း ဆိုသည်။

ထို့ပြင် မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများကို မဟုတ်မမှန် တိုင်ကြားပါက ဖော်ထုတ် အရေးယူသွားရန် လည်း ဗိုလ်ချုပ်ကြီး မောင်မောင်အေးက ပြောသည်။ မမှန်မကန်တိုင်ကြားသူများကို အရေးယူခဲ့မှုများရှိပြီး အရေးယူရန် ဆောင်ရွက်ဆဲအမှုများရှိကြောင်းလည်း ဆိုသည်။

အာဏာသိမ်းကာလအတွင်း ကျယ်ပြန့်စွာ ဖြစ်ပွားလာသည့် တိုက်ပွဲများတွင် စစ်အင်အား ပြုန်းတီးလာသည့် စစ်ကော်မရှင်က အရပ်သားများကို စစ်မှုထမ်းခိုင်းရန် စစ်မှုထမ်းဥပဒေကို ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဖေဖော်ရီလတွင် အသက်သွင်းခဲ့ပြီး စစ်မှုထမ်းများ စုဆောင်းခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် အတင်းအကျပ် ပေါ်တာဆွဲဖမ်းဆီးခြင်း၊ ပျူစောထီးများ၊ သတင်းပေးလူမိုက်များက လူငယ်များကို ဖမ်းဆီးပြီး စစ်တပ်ကို ပြန်လည်ရောင်းချခြင်းများလည်းရှိကြောင်း လေ့လာစောင့်ကြည့်သူများက ပြောထားသည်။

စစ်မှုထမ်းဥပဒေတွင် အမျိုးသား အသက် ၁၈ နှစ်မှ ၃၅ နှစ်အတွင်း၊ အမျိုးသမီး အသက် ၁၈ နှစ်မှ ၂၇ နှစ်အတွင်း၊ ဆရာဝန်၊ အင်ဂျင်နီယာအပါအဝင် ကျွမ်းကျင်သူများ ဖြစ်ပါက အမျိုးသား အသက် ၁၈ နှစ်မှ ၄၅ နှစ်အတွင်း ၊ အမျိုးသမီး အသက် ၁၈ နှစ်မှ ၃၅ နှစ်အတွင်းကို စစ်မှုထမ်းရမည့် အသက်အရွယ်အဖြစ် သတ်မှတ်ထားသည်။

စစ်ကော်မရှင်အနေဖြင့် စစ်မှုထမ်းသင်တန်းအမှတ်စဉ်တခုလျှင် သင်တန်းသား ၅,၀၀၀ စုဆောင်းမည်ဟု ဆိုထားပြီး လက်ရှိတွင် အမှတ်စဉ် (၁၉) အထိ သင်တန်းဆင်းထားပြီးဖြစ်သည်။

မဇ္ဈိမ