‘အရေးတော်ပုံ’ နှင့် ‘တော်လှန်ရေး’ မဲဆွယ်စကားကြောင့် ထောင်ချခံရသည့် ဦးလွင်မြင့်အမှု အယူခံတက်မည်

By MPM 9 ဇန်နဝါရီ, 2026 👁

မဲဆွယ်ရာတွင် ‘အရေးတော်ပုံ’၊ ‘တော်လှန်ရေး’ စသည့်စကားလုံးများ သုံးနှုန်းခဲ့သည့် ပြည်သူ့ပါတီ (PP)မှ ဦးလွင်မြင့်ကို စစ်ကော်မရှင်က ထောင်ဒဏ်ချမှတ်လိုက်သည့်အပေါ် အယူခံဆက်တက်သွားမည်ဟု ပြည်သူ့ပါတီက ပြောသည်။

ဦးလွင်မြင့်ကို သင်္ဃန်းကျွန်းမြို့နယ်တရားရုံးက ဇန်နဝါရီလ ၈ ရက် နံနက်ပိုင်းတွင် ပြည်သူလွှတ်တော်ရွေးကောက်ပွဲဥပဒေပုဒ်မ ၅၈ (ဂ)ဖြင့် အလုပ်ကြမ်းနှင့် ထောင်ဒဏ်တနှစ် ချမှတ်လိုက်သည်။

“(အယူခံဆက်တက်ဖို့) ရှိတယ်ခင်ဗျ။ အယူခံတက်ဖို့ ကျွန်တော်တို့ ပြင်ဆင်နေပါတယ်” ဟု ပြည်သူ့ပါတီ၊ ဥပဒေရေးရာအဖွဲ့မှ ဦးဝဏ္ဏစိုးက ပြောသည်။

ဦးလွင်မြင့် အမိန့်ချမှတ်ခံရသည့် ရွေးကောက်ပွဲဥပဒေပုဒ်မ ၅၈ (ဂ) တွင် ‘နည်းဥပဒေများပါ မဲဆွယ်စည်းရုံးခြင်းဆိုင်ရာစည်းကမ်းချက် တရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ခြင်း’ ဟု ဖော်ပြထားပြီး ပြစ်ဒဏ်အနေဖြင့် တနှစ်ထက်မပိုသောထောင်ဒဏ်ဖြစ်စေ၊ ကျပ်တသိန်းထက်မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်ကြောင်း ဆိုထားသည်။

၎င်းကို စစ်ကော်မရှင် ပြည်ထဲရေးဝန်ကြီးဌာနဘက်က ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၇ ရက်နေ့တွင် သင်္ဃန်းကျွန်းမြို့နယ်ရဲစခန်း၌ အမှုဖွင့်ခဲ့ခြင်းဖြစ်ပြီး ရက်ပေါင်း ၂၀ ကျော်အကြာတွင် အမိန့်ချမှတ်လိုက်ခြင်းဖြစ်သည်။

ဦးလွင်မြင့်သည် မဲဆွယ်ကာလတွင် ၎င်း၏ TikTok လူမှုကွန်ရက်စာမျက်နှာမှတဆင့် မဲဆွယ်ခဲ့ရာတွင် ၎င်းသည် နိုင်ငံရေးအကျဉ်းသားဟောင်းတဦးဖြစ်ကြောင်း၊ မျိုးဆက်သုံးဆက်တိုင် နိုင်ငံရေးအကျဉ်းသားဖြစ်ခဲ့ကြောင်းတို့အပြင် ‘၂၀၂၁ အရေးတော်ပုံ’ ၊ ‘တော်လှန်ရေး’ စသည့် စကားလုံးများကိုလည်း ထည့်သွင်း ပြောဆိုခဲ့ခြင်းဖြစ်သည်။

ထိုသို့ပြောဆိုမှုအပေါ် စစ်တပ်လော်ဘီများကလည်း ဥပဒေနှင့် မညီညွတ်၊ အကြမ်းဖက်အားပေးခြင်းဟု လှုံ့ဆော်ခဲ့ကြပြီးနောက် ဦးလွင်မြင့်ကို ခေါ်ယူစစ်ဆေး အရေးယူမှုများ ပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်။

ဦးလွင်မြင့်သည် စစ်ကော်မရှင် ကျင်းပသည့် ရွေးကောက်ပွဲ ပထမပိုင်းတွင် သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဥ်ပြိုင်ခဲ့ပြီး စစ်တပ်ကျောထောက်နောက်ခံပြု ကြံ့ဖွံ့ပါတီကို ရှုံးနိမ့်ခဲ့သည်။

မဇ္ဈိမ