အရပ်သားများကို ပစ်မှတ်ထားတိုက်ခိုက်နေသည့် စစ်တပ်ကို လက်တုံ့ပြန်မည်ဟု AA ပြော

By MPM 18 နိုဝင်ဘာ, 2026 👁 69

အာဏာသိမ်းစစ်တပ်အနေဖြင့် ရခိုင်ပြည်က အရပ်သားများနေထိုင်ရာ နေရာများနှင့် အများပြည်သူဆိုင်ရာ အဆောက်အအုံများကို ဆက်လက်ပစ်မှတ်ထား တိုက်ခိုက်နေမည်ဆိုပါက ပြင်းပြင်းထန်ထန် လက်တုံ့ပြန်သွားမည်ဖြစ်ကြောင်း ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော် (ULA/AA) က ပြောဆိုလိုက်သည်။

စစ်တပ်သည် လက်ရှိရက်ပိုင်းအတွင်း ပြည်သူများနေထိုင်ရာ နေရာများ၊ စစ်ဘေးရှောင် စခန်းများ၊ ဆေးရုံဆေးခန်းများ၊ စာသင်ကျောင်းများနှင့် အများပြည်သူအသုံးပြုသည့် လမ်းတံတားများကို ဆက်တိုက်ပစ်မှတ်ထားတိုက်ခိုက်နေကြောင်း ULA/AA က ဆိုသည်။

ယင်းကြောင့် စစ်ပွဲနှင့်မသက်ဆိုင်သည့် အရပ်သားပြည်သူများကို ပစ်မှတ်ထားတိုက်ခိုက်နေခြင်းမှာ လူသား မျိုးနွယ်အပေါ် ကျူးလွန်သည့် စစ်ရာဇဝတ်မှုမြောက်သကဲ့သို့ ဂျီနီဗာကွန်ဗင်းရှင်း (Geneva Convention) ကိုလည်း ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေခြင်းဖြစ်ကြောင်း ULA/AA က DMG သို့ ပြောဆိုသည်။

“မြန်မာအကြမ်းဖက် ဖက်ဆစ်စစ်တပ်အနေနဲ့ ဒီလူမဆန်တဲ့ အကြမ်းဖက်မှုတွေကို ဆက်လုပ်နေမယ်ဆိုရင် ကျနော်တို့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော် အနေနဲ့ ဒီအကြမ်းဖက်သမားတွေကို လိုအပ် သင့်တော်သလို ပြင်းပြင်းထန်ထန် လက်တုံ့ပြန်သွားမှာဖြစ်ပါတယ်” ဟု ULA/AA တာဝန်ရှိသူက ပြောသည်။

ရခိုင်ပြည်အတွင်း တိုက်ပွဲများ ပြင်းထန်နေစဉ်ကာလအတွင်း စစ်တပ်၏ လေကြောင်းနှင့် လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုများကြောင့် အရပ်သားပြည်သူ ထိခိုက်သေဆုံးမှုများနှင့် နေအိမ်အဆောက်အအုံ ပျက်စီးဆုံးရှုံးမှုများ ဆက်တိုက်ဖြစ်နေသည်။

နိုဝင်ဘာ ၁၄ ရက်က အဉ္ဇနပူရမြို့နယ်ရှိ စွန်ရဲတံတားကို ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် တံတား ပျက်စီးသွားကြောင်း သိရသည်။

ယင်းတစ်ရက်အတွင်း အာဏာသိမ်းစစ်တပ်သည် တောင်ကုတ်-မအီ-ရမ်းဗြဲ-ကျောက်ဖြူ အဝေးပြေးကားလမ်း ဝန်ဖိုက်ဒီရေတောရှိ တံတားကြီး ၄ စင်းကို လေကြောင်း၊ ရေကြောင်းကနေ လာရောက်တိုက်ခိုက် ဖျက်ဆီးခဲ့ကြောင်း သိရသည်။

နိုဝင်ဘာ ၁၃ ရက်ကလည်း ပုဏ္ဏားကျွန်းမြို့နယ်၊ ယိုးငူနှင့် သရက်ချိုကြားရှိ ဗျာလစစ်ရှောင်စခန်းအား စစ်တပ်ဗုံးကြဲမှုကြောင့် စစ်ဘေးရှောင် ၁၂ ဦး သေဆုံးပြီး ၁၈ ဦး ဒဏ်ရာရရှိခဲ့သည်။

ပြီးခဲ့သည့် နိုဝင်ဘာ ၁ ရက်ကလည်း ရန်ကုန်-စစ်တွေ အဝေးပြေးကားလမ်းမ ကျောက်တော်-ပုဏ္ဏားကျွန်း လမ်းပိုင်းရှိ ယိုးချောင်းတံတားကို အာဏာသိမ်းစစ်တပ်က လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့သဖြင့် အရပ်သား ၇ ဦး သေဆုံးခဲ့ပြီး ၁၀ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။

ယင်းတစ်ရက်တည်းတွင် မြောက်ဦးမြို့၊ ထမ္မရာဇ်ရပ်ကွက်မှာ ရှိနေသည့် ယာယီဆေးကုခန်းနှင့် သားဖွားဆောင်ကို စစ်တပ်က ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ကလေးငယ်အပါအဝင် ၅ ဦးသေဆုံးပြီး ၉ ဦး ဒဏ်ရာရရှိခဲ့သည်။

စစ်တပ်က ရခိုင်ဒေသအတွင်းရှိ အရပ်သားများစုဝေးရာ ဈေး၊ ဆေးရုံ၊ စာသင်ကျောင်း၊ ဘုန်းကြီးကျောင်း စသည့် နေရာများပါမကျန် လေကြောင်းတိုက်ခိုက်မှု ဆက်တိုက်ပြုလုပ်လာနေခြင်းမှာ စစ်ရာဇဝတ်မှု ကျူးလွန်ကာ ရခိုင်ပြည်သူများအား အငြှိုးထားသတ်ဖြတ်နေခြင်းဖြစ်ကြောင်း လူ့အခွင့်အရေးလှုပ်ရှားသူများက ဆိုသည်။

လူ့အခွင့်အရေးလှုပ်ရှားသူ ရခိုင်အမျိုးသားတစ်ဦးက “အခုနှစ်အတွင်း ပိုသိသာလာတာက တိုက်ခိုက်ခံရတဲ့ နေရာတွေဟာ လုံးဝအရပ်သားစုဝေးရာနေရာလို သိသာစေတဲ့ နေရာတွေ ဖြစ်ပါတယ်။ ဒါကို ကြည့်ခြင်း အားဖြင့် စစ်တပ်ဟာ ရခိုင်လူထုကို ဘယ်လောက်ထိ အငြှိုးအတေးထားတယ်ဆိုတာကို မြင်သာစေပါတယ်။ နိုင်ငံတကာအနေနဲ့လည်း ဒီလုပ်ရပ်တွေကို လျစ်လျူရှုပြီး စတိတ်မန့်တစ်စောင်ထုတ်ရုံနဲ့ နောက်ကွယ်မှာတော့ စစ်တပ်နဲ့ လက်ဆွဲနှုတ်ဆက်နေတဲ့ လုပ်ရပ်မျိုးကို ရပ်တန့်ဖို့ လိုအပ်တယ်” ဟု ပြောသည်။

ယင်းအပြင် ရခိုင်ဒေသကို စစ်တပ်လေကြောင်းတိုက်ခိုက်မှုဖြစ်စဉ်များထဲတွင် ယခုနှစ်၊ စက်တင်ဘာ ၂၈ ရက်က ကျောက်တော်မြို့၊ အိန္ဒိယဈေးနှင့် ကစ္စပနဒီတံတား တိုက်ခိုက်ခံရမှုဖြစ်စဉ်နှင့် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၁၀ ရက်က မြောက်ဦးမြို့၊ ပြည်သူ့ဆေးရုံကြီး တိုက်ခိုက်ခံရမှုမှာ အသေအပျောက်အများဆုံး ဖြစ်စဉ်များလည်း ဖြစ်သည်။

လက်ရှိတွင် စစ်တပ်က အရပ်သားနေရာများအား ဆက်တိုက်လေကြောင်းတိုက်ခိုက်နေမှုကြောင့် ရခိုင်ပြည်သူများမှာ စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာထိခိုက်မှုများဖြင့် ရင်ဆိုင်နေကြရသည်။

DMG