အမ်းမြို့ရှိ စစ်ကောင်စီ နပခတွင် ကာကင်းစခန်းများထပ်မံတိုးချဲ့နေ

By MPM 24 ဇူလိုင်, 2024 👁

အာရက္ခတပ်တော် (AA) က ထိုးစစ်ဆင်နေသည့် ရခိုင်ပြည်၊ အမ်းမြို့နယ်ရှိ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) တွင် ယခုရက်ပိုင်းအတွင်း ကာကင်းစခန်းများ ထပ်မံတိုးချဲ့နေကြောင်း သတင်းရရှိသည်။

AA ထိုးစစ်ကို ခုခံရန်နှင့် ဌာနချုပ်ကို ကာကွယ်ရန် စစ်ကောင်စီက ကာကင်းစခန်း ၅ ခုထက်မနည်းကို အခိုင်အမာ တည်ဆောက်နေသည်ဟု စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောသည်။

“AA က နပခထဲကို လက်နက်ကြီးနဲ့ လှမ်းပစ်တာတွေ ရှိတယ်။ အဲဒါကြောင့် ကာကင်းစခန်းတွေ အများကြီး ထပ်တိုးချနေတာ။ AA က မသိအောင် လျှို့ဝှက်လုပ်နေတာ။ ကာကင်းစခန်း ထပ်တိုးတာကတော့ အများကြီးပဲ” ဟု ၎င်းက ဆိုသည်။

နပခအနီးတွင် စစ်ကောင်စီနှင့် AA တို့ တိုက်ပွဲများ နေ့စဉ်ဖြစ်ပွားနေပြီး နပခဌာနချုပ်ထဲမှ တော၊ တောင်များသို့ ၁၂ လုံးတွဲ ရော့ကတ်ဒုံးများဖြင့် နေ့စဉ်ပစ်ခတ်မှုများ ရှိနေကြောင်း သတင်းရင်းမြစ်များများ ပြောဆိုမှုအရ သိရသည်။

AA ထိုးစစ်ဆင်နေသည့် မဲတောင်ရှိ ကာကင်းစခန်းများထဲ အမှတ် (၁) နှင့် (၂) တို့မှ စစ်ကောင်စီတပ်သားများမှာ ဇူလိုင်လ တတိယပတ်တွင် စခန်းစွန့်ခွာ ထွက်ပြေးသွားကြောင်း ခိုင်လုံသည့်သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

“မဲတောင်က ကာကင်းစခန်း ငါးခုထဲမှာ နှစ်ခုက တပ်ဆုတ်သွားပြီ။ ကျန်တဲ့ ကာကင်းစခန်း သုံးခုကိုလည်း AA က တိုက်နေတယ်” ဟု ၎င်းက ပြောသည်။

လက်ရှိတွင် အမ်းမြို့နယ်အတွင်း တိုက်ပွဲများ နေ့စဉ် ရှိနေပြီး ဇူလိုင် ၂၂ ရက်ကလည်း အမ်းနှင့် တပ်တောင်မြို့ ကြားရှိ ဆင်ပွတ်ကျေးရွာအနီးတွင် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့သည်။

အမ်းမြို့နယ်ကို သိမ်းပိုက်ရရှိရေး AA က ပိတ်ဆို့တိုက်ခိုက်နေပြီး စစ်ကောင်စီကလည်း လက်နက်ကြီး၊ လေကြောင်းပစ်ကူများဖြင့် အပြင်းအထန် ခုခံတိုက်ခိုက်နေ၍ တိုက်ပွဲများပြင်းထန်လျက် ရှိနေသည်။

အောင်ထိန် (DMG) ပေးပို့သည်။