အမ်းမြို့နယ်ရှိ စစ်သုံ့ပန်းစခန်း တိုက်ခိုက်ခံရမှုအတွင်း ဗိုလ်မှူးချုပ်နှင့် ဗိုလ်မှူး အဆင့်ရှိသူများ သေဆုံး

By MPM 11 မတ်, 2026 👁 4

ရခိုင်ပြည်၊ အမ်းမြို့နယ် ဒါးလက်ချောင်းဒေသရှိ စစ်သုံ့ပန်းများထားရှိရာ အကျဉ်းစခန်းကို စစ်ကော်မရှင်တပ်ဖွဲ့က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုအတွင်း ဗိုလ်မှူးချုပ်မြင့်ရွှေအပါအဝင် ဗိုလ်မှူးအဆင့်ရှိသူများ သေဆုံးခဲ့ရကြောင်း စစ်သုံ့ပန်း ဖြစ်နေသူ ဗိုလ်မှူးချုပ်သောင်းထွန်းက ပြောသည်။

မတ်လ ၁၁ ရက်နေ့တွင် အာရက္ခမင်းသမီးမီဒီယာက ထုတ်ပြန်သည့် ရုပ်သံဖိုင်တွင် ဗိုလ်မှူးချုပ်သောင်းထွန်းက ထိုသို့ပြောကြားထားခြင်း ဖြစ်သည်။

“တပ်မမှူးအဆင့် ဗိုလ်မှူးကြီး သက်ထူးစံကတော့ ကံကောင်းပြီးလွတ်သွားတာပေါ့နော်၊ ဗိုလ်မှူးချုပ်မြင့်ရွှေ က တော့မီးလောင်တဲ့အဆောင်ထဲမှာ သူရှိပါတယ်။ ဗိုလ်မှူးချုပ်မြင့်ရွှေ ပါသွားတယ်။ ဗိုလ်မှူးအဆင့်တွေပါ သွားတယ်။ နောက်ထိန်းသိမ်းဆောင်ဘေးမှာ ရှိတဲ့ဆေးခန်းပေါ့နော် ။ အဲ့ဆေးခန်းကလည်း ကျတော်တို့ စစ်သည် တွေထဲက အရာရှိဆရာဝန်လေးတွေ ပါသွားတယ် ။ ဆေးရဲမေတွေ ပါသွားတယ် တချို့ စစ်ဦးစီးမှူး ဒုတိယတန်းအဆင့် ဗိုလ်မှူးအဆင့် နှစ်ယောက် သုံးယောက်လောက်ပါသွားတယ်” ဟု ဗိုလ်မှူးချုပ်သောင်းထွန်းက ပြောသည်။

ဗိုလ်မှူးချုပ်မြင့်ရွှေ (ကြည်း-၂၉၃၇၄) သည် စစ်တက္ကသိုလ်အပတ်စဥ် (၃၉) ဆင်းဖြစ်ပြီး စစ်ရာထူးခန့်ချုပ်ရုံးမှ ရာထူးတိုးဖြင့် ၂၀၂၃ ဒီဇင်ဘာ ၁၅ရက်နေ့တွင် နမ့်စမ်တိုက်ပွဲ၌ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ဖမ်းခံရသော ဗိုလ်မှူးချုပ် မင်းမင်းထွန်း နေရာတွင် အမှတ် (၁၀၁) တပ်မမှူးအဖြစ် ခန့်ထားခံရသည်။

ထို့နောက် ၂၀၂၄ ဩဂုတ်လ သံတွဲမြို့နယ်တိုက်ပွဲများအတွင်း သေဆုံး သို့မဟုတ် ပျောက်ဆုံးခဲ့ကြောင်း မြန်မာ့စစ်ဘက်ရေးရာ နှင့်လုံခြုံရေးဆိုင်ရာလေ့လာရေးအဖွဲ့ (MDSI) မှ ဖော်ပြထားသည်။

အသက်ဘေးမှ လွတ်မြောက်သွားသည့် တပ်မမှူးအဆင့် ဗိုလ်မှူးကြီး သက်ထူးစံ (ကြည်း- ၃၀၃၁၇) သည် စစ်တက္ကသိုလ် အပတ်စဥ်(၄၀) ဆင်းဖြစ်ပြီး၊ ၂၀၂၄ ဒီဇင်ဘာလ အမှတ် (၅) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် ကို AA သိမ်းပိုက်စဥ် ဖမ်းဆီးခံခဲ့ရသည်။

စစ်ကော်မရှင်တပ်သည် မတ်လ ၈ ရက်နေ့ နံနက် ၁၁နာရီ မှ မွန်းလွဲ ၃ နာရီ အထိ အချိန် လေးနာရီ နီးပါးကြာ ဂျက်ဖိုက်တာ လေးစီး၊ Y-12 လေယာဉ် လေးစီးနှင့် ဒါးလက်ချောင်းဒေသရှိ စစ်သုံ့ပန်းစခန်းကို တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း AA က ထုတ်ပြန်ထားသည်။

“ပထမဆုံး အကျဉ်းထောင်တွေထဲမှာ ဗုံးတွေကျတယ်။ ဗုံးတွေကျတော့ အဆောင်တွေ ချက်ချင်းမီးလောင် သွားတာ တွေ့ရတယ် ။ ချက်ချင်းမီးလောင်တော့ သူတို့ လည်း ထွက်ပြေးလွတ်မြောက် နိုင် စရာ မရှိတော့ဘူး မီးလောင်ပြီး သေဆုံးသွားတဲ့ အခြေအနေ ဖြစ်ပါတယ်” ဟု လေကြောင်းတိုက်ခိုက်ခံရမှု အခြေအနေနှင့်ပတ်သတ်ပြီး ဗိုလ်မှူးချုပ်သောင်းထွန်းက ရှင်းပြသည်။

စစ်ကော်မရှင်တပ်ဖွဲ့ အနေဖြင့် အကျဉ်းထောင်ကို မတိုက်ခိုက်မီ ကြိုတင်ကင်းထောက်မှု အကြိမ်ရေအများအပြား လုပ်ခဲ့ပြီးနောက် အကျဉ်းစခန်းဖြစ်ကြောင်းသိသော်လည်း ယခုလို ပြင်းထန်တဲ့တိုက်ခိုက်မှုမျိုး ပြုလုပ်ခဲ့သည့်အပေါ် ရက်စက်သည့် လုပ်ရပ်ဖြစ်ကြောင်းကိုလည်း ဗိုလ်မှူးချုပ်သောင်းထွန်းက မှတ်ချက်ပြုသည်။

“ကြေကွဲစရာ ဝမ်းနည်းစရာပါပဲ၊ ပြီးရင် ဘာလို့ ဒီလောက်ရက်စက်တာလဲပေါ့နော် ဖြစ်စဉ်ကြီးက ရက်ရက်စက်စက်လုပ်သလို ဖြစ်သွားတာပေါ့နော် ကျတော်ကတော့ အဲ့လိုမြင်တယ် စိတ်လည်း မကောင်းပါဘူး” ဟု ၎င်းကပြောသည်။

စစ်ကော်မရှင်၏ လေကြောင်းတိုက်ခိုက်မှုအတွင်း အကျဉ်းထောင်အချို့က တံခါးများရိုက်ဖျက်၍ ဖွင့်လှစ်နိုင်ခဲ့သည့်အတွက် အကျဉ်းသားတချို့ လွတ်မြောက်လာခဲ့ကြောင်း သိရသည်။

လေးနာရီနီးပါး ကြာမြင့်ခဲ့သည့် စစ်သုံ့ပန်း အကျဉ်းစခန်းလေကြောင်းတိုက်ခိုက်ခဲ့ရမှုအတွင်း စစ်သုံ့ပန်း ၁၁၆ ဦးသေဆုံးခဲ့ပြီး ၃၂ ဦး ဒဏ်ရာရသွားကြောင်း အာရက္ခတပ်တော် (AA) က မတ်လ ၁၁ ရက်တွင် ထုတ်ပြန်ထားသည်။

မဇ္ဈိမ