အမေရိကန်အစိုးရက မြန်မာနိုင်ငံကိုပေးနေသည့် လူသားချင်းစာနာမှုအကူညီတချို့ကို ယာယီရပ်ဆိုင်းတာကြောင့် ကရင်နီ (ကယား) ပြည်တွင်းရှိ မြို့နယ် (၅) မြို့နယ်မှ လူဦးရေသုံးသောင်းခွဲကို ထိခိုက်နစ်နာစေသည်ဟု ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ IEC ၏ အတွင်းရေးမှုး (၂) ဦးဗညားက ပြောသည်။
“လူသားချင်း စာနာထောက်ထားမှုအကူအညီနဲ့ ပတ်သက်ရင်တော့ IEC ကိုတော့ စားနပ်ရိက္ခာ တိုက်ရိုက် ထိတာတော့ မဟုတ်ဘူး။ ဒါပေမယ့် EWER (Early Warning Early Response) မှာတော့ ထိခိုက်တာရှိတယ်။ တခြားအရပ်ဖက်အဖွဲ့အစည်းတွေမှာ တချို့ Humanitarian နဲ့ ပက်သက်တဲ့ Budget တွေကတော့ Self-spend ပဲ ပြောပြော Cash ပဲပြောပြော ထိတာတွေတော့ ရှိပါတယ်” ဟု ဦးဗညားက ပြောဆိုသည်။
လွိုင်ကော်မြို့နယ်၊ ဖယ်ခုံမြို့နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ဖရူဆိုမြို့နယ်နှင့် မယ်စဲ့မြို့နယ်တို့တွင် ကူညီထောက်ပံမှုတချို့ ရပ်ဆိုင်းသွားပေမယ့်လည်း လူသားချင်းစာနာထောက်ထားမှု နိုင်ငံတကာအကူအညီများ ဆက်လက်ရရှိနိုင်အောင် အဘက်ဘက်က လုပ်ဆောင်နေသည်ဟု ၎င်းက ဆက်ပြောသည်။
အလားတူ တော်လှန်ရေးကာလတလျှောက် စစ်ရှောင်အရေးတွင် ပါဝင်လှုပ်ရှားကူညီနေသည့် နွေဦးဂုရုလေးများအဖွဲ့က ၎င်းတို့နှင့် ချိတ်ဆက်ဆောင်ရွက်နေသော မိတ်ဖက်အဖွဲ့အစည်းတချို့ ရပ်သွားတာကြောင့် အရင်ကထက် ပိုခက်ခဲလာနိုင်သည်ဟု စီမံဘဏ္ဍာတာဝန်ခံ ကိုတင့်က ယခုလို ပြောဆိုသည်။
“လေကြောင်းရန် ကာကွယ်ရေးအပိုင်းတွေ ရပ်သွားတယ်။ ကျနော်တို့နဲ့ မိတ်ဖက်အဖွဲ့အစည်းတွေ လုပ်နေတဲ့ ဥပမာ စာသင်ကျောင်းတွေမှာ ပုန်းခိုကျင်းတွေလုပ်နေတဲ့ဟာတွေ အဲ့ကိစ္စတွေ ရပ်သွားတယ်။ ပြီးတော့ ဆေးရုံ၊ ဆေးခန်းတွေပေါ့။ ကျနော်တို့ရဲ့မိတ်ဖက်အဖွဲ့အစည်းတွေကနေပြီးတော့ ဆေးပေးတဲ့ဟာတွေရှိတယ်။ အဲ့ဆေးတွေ အကုန်လုံးက ရပ်သွားတယ်။ ပြီးတော့ အဲ့ဆေးရုံ၊ ဆေးခန်းတွေကို professional fee တွေပေးတဲ့ဟာတွေ ရှိတယ်။ အဲ့ဟာတွေ အကုန်ရပ်သွားတယ်။ ပိုပြီးကြပ်တည်းသွားတဲ့ အခြေအနေတွေဖြစ်တယ်” ဟု ကိုတင့်က ပြောသည်။
တော်လှန်ရေး ၄ နှစ်တာ ကာလအတွင်း တောင့်ခံလာသည့်အခြေအနေတို့ကို ယခုကြုံတွေ့ရသည့် အခက်အခဲများကြောင့် စိတ်ဓတ်မကျရန်ဦ ပြည်သူလူထု အားလုံးအတူတူ ပူးပေါင်းဆောင်ရွက်ပြီး အကောင်းဆုံး လုပ်ဆောင်သွားမည်ဖြစ်ကြောင်း IEC အတွင်းရေးမှုး (၂) ဦးဗညားက ပြောသည်။
ပြီးခဲ့သည့် ဇန်နဝါရီ ၂၇ ရက်နေ့ကစ၍ ထိုင်း – မြန်မာနိုင်ငံနယ်စပ်က ဒုက္ခသည်စခန်းများရှိ နိုင်ငံတကာ ကူညီကယ်ဆယ်ရေးကော်မတီ (IRC) လက်အောက်က ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းအားလုံးကို ယာယီ ရပ်ဆိုင်းလိုက်ပြီး လူနာများကို နေအိမ်ပြန်စေလွတ်ခဲ့သည်။
ကရင်နီပြည်တွင် စစ်အာဏာသိမ်းမှုကြောင့် တိုက်ပွဲများဖြစ်ပွားနေပြီး နေရပ်စွန့်ခွာတိမ်းရှောင်နေရသည့် စစ်ရှောင်ဦးရေ သုံးသိန်းဝန်းကျင်ထိရှိနေပြီး ဒေသခံစစ်ဘေးရှောင်တချို့ နီးစပ်ရာ တောင်ယာ၊လယ်ယာလုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်း ရှာဖွေဖြေရှင်းနေကြသလို လိုအပ်ချက်လည်းများစွာ ရှိနေဆဲဖြစ်သည်ဟု စစ်ရှောင်အရေး ကူညီဆောင်ရွက်နေသူများထံက သိရသည်။
ကန္တာရဝတီတိုင်း (မ်) – ပေးပို့သည်။