ကရင်အမျိုးသားအစည်းအရုံး – KNU၊ ဒူးပလာယာခရိုင်၊ တပ်မဟာ (၆) နယ်မြေ၊ ဝင်းရေးမြို့နယ်ရှိ (ရေးမြို့နယ်) အနန်းကွင်းဗျူဟာကုန်းတပ်စခန်းကို စစ်ကူတက်လာသည့် အင်အား (၁၅၀) ကျော်ရှိ စစ်ကောင်စီစစ်ကြောင်းကို KNLA ပူးပေါင်းတပ်က ကြားဖြတ်တိုက်ခိုက်ခဲ့ရာ၌ ထိခိုက်သေဆုံးမှုများပြားကြောင်း စစ်ရေးသတင်းရင်းမြစ်တို့ထံမှ သိရသည်။
ပြီးခဲ့သည့် ဒီဇင်ဘာလကုန်ပိုင်းမှစ၍ အနန်းကွင်းဗျူဟာကုန်းစခန်းသို့ အင်အားဖြည့်တင်းလူလဲလှယ်ရန် မြေပြင်စစ်ကြောင်းဖြင့် စစ်ကူတက်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်- KNLA ပူးပေါင်းတပ်က လက်ရှိအချိန်ထိ ကြားဖြတ်တိုက်ခိုက်လျက်ရှိကြောင်း သိရသည်။
KNLA ပူးပေါင်းတပ်၏ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီဘက်မှ တပ်ဖွဲ့ဝင် ၃၀ ခန့် သေဆုံးပြီး ၅၀ ဝန်းကျင် ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟု စစ်မြေပြင်ရှိ KNLA သတင်းရင်းမြစ်က ပြောဆိုသည်။
“တက်လာတာ ၁၅၅ ယောက်လောက် ရှိမယ်။ တောလမ်း မြေပြင်လမ်းကြောင်းကနေပဲ လာကြတာ။ ကျနော်တို့အဖွဲ့တွေ တောက်လျှောက်ကြားဖြတ်တိုက်တော့ သေတဲ့သူနဲ့ ထိထားတဲ့သူနဲ့ ၃၀ လောက်ပဲ ကျန်တော့မယ်။ အခုထက်ထိ သူတို့စခန်းကုန်းဆီ မရောက်သေးဘူး။ စခန်းကုန်းနားတော့ ရောက်သွားပြီ” ဟု KNLA သတင်းအရင်းအမြစ်က ပြောသည်။
KNLA ပူးပေါင်းတပ်၏ ဝိုင်းဝန်းပိတ်ဆို့မှုခံရပြီး ထိခိုက်မှုများပြားသည့်ကြားမှ ဆက်လက်ချီတက်လာသည့် စစ်ကောင်စီစစ်ကြောင်းတွင် တပ်မ (၄၄) လက်အောက်ခံ ဗျူဟာမှူးမင်းခိုက်ဆိုသူ ပါဝင်နေပြီး လက်ရှိ၌ အနန်းကွင်းဗျူဟာမှူး ဝဏ္ဏလှိုင်နေရာတွင် ၎င်းအားအစားထိုးလဲလှယ်ရန် ရည်ရွယ်၍ ထိုစစ်ကြောင်း တက်လာခြင်းဖြစ်သည်ဟု ခိုင်လုံသည့် နယ်ခံ KNLA သတင်းရင်းမြစ်က ပြောဆိုသည်။
KNLA ပူးပေါင်းတပ်က ကြားဖြတ်တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှု များပြားခဲ့သလို ၎င်းတို့ သယ်ဆောင်လာသော လက်နက်ငယ်များနှင့် ခဲယမ်းများကိုလည်း KNLA ဘက်က သိမ်းဆည်းရမိခဲ့သည်ဟု ၎င်းက ဆက်ပြောသည်။
သံဖြူဇရပ် – ဘုရားသုံးဆူလမ်းမပေါ်တွင် တည်ရှိသည့် စစ်ကောင်စီဗျူဟာအဆင့် အနန်းကွင်းတပ်စခန်းကို KNLA ပူးပေါင်းတပ်များက သိမ်းပိုက်နိုင်ရန် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် မတ်လပိုင်းမှစတင်ကာ စစ်ရေးအရှိန်တိုးမြှင့် တိုက်ခိုက်လျက်ရှိသလို လေကြောင်းမှလွဲ၍ ကျန်ထောက်ပို့လမ်းကြောင်းများကိုလည်း ဖြတ်တောက်ထားကြောင်း သိရသည်။
အနန်းကွင်းဗျူဟာကုန်းရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် KNLA ပူးပေါင်းတပ်၏ လက်နက်ချအညံ့ခံရန် ပြောဆိုမှုကို ယနေ့ထိတိုင် ငြင်းဆန်တိုက်ခိုက်နေသော်လည်း တိုက်ပွဲရက်ရှည်ကြာလာသည်နှင့်အမျှ ၎င်းတို့ဘက်မှ စခန်းစွန့်ခွာထွက်ပြေးကြသူတချို့လည်း ရှိနေသည်ဟု KNLA တပ်မဟာ (၆) ဘက်က ပြောဆိုမှုအရ သိရသည်။
KIC ပေးပို့သည်။