မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်အစပ် သံဖြူဇရပ် – ဘုရားသုံးဆူလမ်းပိုင်းရှိ အနန်းကွင်းကျေးရွာအနီးတဝိုက်က စစ်ဘေးရှောင်နေအိမ်များ ဖောက်ထွင်းခံနေရကြောင်း ဒေသခံတို့ပြောဆိုမှုအရ သိရသည်။
အနန်းကွင်းကျေးရွာရှိ စစ်ကောင်စီ အနန်းကွင်းဗျူဟာတပ်စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်/KNLA နှင့် တော်လှန်ရေးပူးပေါင်းတပ်တို့ ဝင်ရောက်တိုက်ခိုက်ခဲ့သည့် ဩဂုတ်လလယ်ခန့်ကစပြီး အနန်းကွင်းကျေးရွာအပါအဝင် အနီးနားတဝိုက်ရှိ ကျေးရွာ ၁၀ ရွာထက်မနည်းက ဒေသခံပြည်သူ ထောင်နှင့်ချီ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်။
တိုက်ပွဲဖြစ်ပွားနေသည့် အနန်းကွင်းရွာနှင့် အနီးနားက သက္ကော၊ စခန်းကြီး၊ ရဲတံခွန် အစရှိသည့် ကျေးရွာဘက်ကို စစ်ကောင်စီတပ်တို့က အင်အားဖြည့် စစ်ကြောင်းထိုး ဝင်ရောက်လာလေ့ရှိသည်ဟု ဆိုသည်။
စစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်ကောင်စီတပ်တို့က ကျေးရွာများအတွင်းရှိ နေအိမ်များကို ဖောက်ထွင်းပြီး ပစ္စည်းများ ယူဆောင်သွားသည်ဟု သိရသည်။
အနန်းကွင်းတိုက်ပွဲသည် ယခုအောက်တိုဘာလကုန်ပိုင်းထိ ဆက်လက်ဖြစ်ပွားနေပြီး စစ်ကောင်စီတပ်ဘက်က လေယာဉ်နှင့် ဗုံးကြဲတိုက်ခိုက်ခြင်း၊ လက်နက်ကြီးနှင့် ပစ်ခတ်မှုတို့ကို နေ့တိုင်းလိုလို ပြုလုပ်နေသည့်အတွက် ထွက်ပြေးနေရသည့် ဒေသခံများ ယနေ့ချိန်ထိ နေရပ်မပြန်ရဲကြသေးဟု ပြောဆိုကြသည်။
မွန်၊ ကရင်၊ တနင်္သာရီတို့က လူ့အခွင့်အရေးချိုးဖောက်မှု အခြေအနေကို လေ့လာစောင့်ကြည့်နေသည့် မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်း (HUFROM) ဒါရိုက်တာနိုင်အဲမွန် ယခုလို ပြောသည်။
“လူမရှိတာနဲ့ နေအိမ်ဖောက်တာက သူတို့ (စစ်တပ်) ရဲ့ အကျင့်စရိုက်ပဲလေ။ ကော့ဗိန်းတို့၊ ဓမ္မသတို့လိုပဲ လုပ်နေမှာပါ။ စစ်ကြောင်းထိုးလာတုန်း ရွာတွေမှာ ခိုးမယ်၊ အိမ်ဖောက်မယ်။ တန်းဖိုးရှိပစ္စည်းတွေ ယူမယ်။ သုံးလို့မရတဲ့ဟာတွေကို ဖျက်ဆီးမယ်။ ဒီအခွင့်အရေး ချိုးဖောက်မှုတွေက အခြားဒေသနည်းတူ ရှိခဲ့တယ်။ ပြီးတော့ စစ်ရှောင်တွေကလည်း ဒီကနေ့ချိန်အထိ အိမ်ကို မပြန်ရဲကြသေးဘူးဆိုတော့လေ” ဟု ၎င်းက ပြောသည်။
ပြီးခဲ့သည့် အောက်တိုဘာ ၂၅ ရက်နေ့ကလည်း အနန်းကွင်းရွာအနီး စစ်ဘေးရှောင်များ တိမ်းရှောင်နေကြသည့် သံပုရာချောင်းကျေးရွာထဲကို စစ်ကောင်စီက လေယာဉ်နှင့်လာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့သေးသည်။
ဒေသခံပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရသည်မှာ သုံးလကျော် ကြာမြင့်လာပြီးဖြစ်သည့်အတွက် အစားအသောက်နှင့် နေရာထိုင်ခင်း အခက်အခဲများရှိလာကြောင်း၊ ပြည်တွင်း/ပြည်ပက အလှူရှင်များ လာရောက်လှူဒါန်းမှုရှိနေသော်လည်း လိုအပ်ချက်ရှိနေသေးကြောင်း သိရသည်။
IMNA ပေးပို့သည်။