အစ္စလာမ်ဘာသာရေး “အိဒ်ပွဲတော်” အခမ်းအနားသို့ ULA က ဆန်နှင့် ငွေကြေးတချို့ ထောက်ပံ့

0
336
ပုံစာ - အစ္စလာမ်ဘာသာရေးပွဲတော်“ကုရ်ဘာနီ အိဒ်ပွဲတော်”သို့ ULA ရဲ့ထောက်ပံပွဲအခမ်းအနား (Photo – APM)

ရခိုင်တွင်ကျင်းပသည့် အစ္စလာမ်ဘာသာရေးပွဲတော် “ကုရ်ဘာနီ အိဒ်ပွဲတော်”အခမ်းအနားသို့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA) မှ တာဝန်ရှိသူတချို့ တက်ရောက်ပြီး အစ္စလာမ်ဘာသာဝင်များအတွက် ဆန်နှင့် ငွေကြေးအချို့ ထောက်ပံ့ပေးခဲ့သည်ဟု သိရသည်။

အစ္စလာမ်ဘာသာရေးပွဲတော် “ကုရ်ဘာနီ အိဒ်ပွဲ” အခမ်းအနားကို ရခိုင်ရှိ မင်းပြား၊ မြေပုံ၊ ပေါက်တော၊ စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ မြောက်ဦး၊ ကျောက်တော်၊ ဘူးသီးတောင်နှင့် မောင်တော မြို့နယ်များတွင် ဇွန်လ ၂၉ ရက်က ကျင်းပခဲ့ပြီး ယင်းပွဲတော်များသို့ သက်ဆိုင်ရာစစ်ဒေသမှ ULA တာဝန်ရှိသူများ တက်ရောက်ပြီး ထောက်ပံ့ခဲ့ခြင်း ဖြစ်သည်။

ယခုကဲ့သို့ ထောက်ပံ့ပေးမှုအပေါ် ပေါက်တောမြို့နယ်မှ မွတ်ဆလင်တစ်ဦးဖြစ်သူ ဦးမောင်နုချေက “ULA က အဲလိုလုပ်တဲ့အတွက် ကျနော်တို့အတွက်လည်း အကျိုးရှိတယ်။ နှစ်ဦးနှစ်ဘက် ဆက်ဆံရေးလည်း ကောင်းလာ တယ်လေ။ အဲလိုသဘော သက်ရောက်မှုတွေ ရှိလာတယ်လို့ ကျနော်မြင်မိပါတယ်။ နောက်ထပ်လည်း နှစ်ပေါင်း အဆက်ဆက်များစွာ အဲလို လုပ်ပေးမယ်ဆိုရင် ပိုပြီး အဆင်ပြေလာမယ်လို့ မျှော်လင့်မိပါတယ်” ဟု ပြောသည်။

အခုလို ထောက်ပံမှုနှင့် ပတ်သက်ပြီး မင်းပြား၊ ပေါက်တော၊ စစ်တွေနှင့် မောင်တောမြို့နယ်များမှ အစ္စလာမ် ဘာသာရေးခေါင်းဆောင် တချို့၏အမြင်ကို မေးမြန်းရန် ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရခဲ့ပါ။

ရခိုင်နှင့် မွတ်ဆလင် ချစ်ကြည်ရေးကို ရှေးရှုလျက် ပြီးခဲ့သည့် ၂ဝ၂၂ ခုနှစ်၊ ဇူလိုင်လ ၁ဝ ရက်တွင် ကျရောက်ခဲ့သော အစ္စလာမ်ဘာသာရေးပွဲတော် “အိဒ်” နေ့တွင်လည်း ULA/AA က ဖမ်းဆီးထားသည့် မွတ်ဆလင် အပြစ်သား ၈ ဦးကို လွှတ်ပေးခဲ့ပြီး မွတ်ဆလင် ၄ဝဝ ကျော် အတွက် အဝတ်အထည်များလည်း ထောက်ပံ့ပေးခဲ့သည်ဟု သိရသည်။

နိရဉ္စရာ ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here