အင်းလေးဒေသတွင် PNO က လူဝင်/ထွက်မှုများ စစ်ဆေး၊ မသင်္ကာသူဖမ်းဆီးမှု ရှိနေ

By MPM 10 နိုဝင်ဘာ, 2026 👁 43

သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် အာဏာသိမ်းစစ်တပ်လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် (PNO) တပ်က ကျေးရွာအတွင်း လူအဝင်/အထွက် စာရင်းများ စောင့်ကြည့်စစ်ဆေးကာ ဖမ်းဆီးမှုများ ပြုလုပ်နေကြောင်း သတင်းရရှိသည်။

ပအိုဝ်းပြည်သူ့စစ်သည် အင်းလေးအနောက်ဘက်ခြမ်းရှိ ပအိုဝ်းလူမျိုးများ အများဆုံးနေထိုင်သည့် ရွာများတွင် တပ်စွဲထားပြီး ဒေသခံအမျိုးသားများကို PNO ဝတ်စုံဝတ်ဆင်ခိုင်းကာ ကျေးရွာအတွင်း ကင်းစောင့်ခိုင်းကြောင်း ဒေသခံများထံ​သိရသည်။

ဒေသခံများကို အလှည့်ကျ ကင်းလှည့်စစ်ဆေးခိုင်းသည့်အပြင် PNO တပ်သားများအတွက် ဒေသခံများက အလှည့်ကျ ထမင်းချက်ပို့နေကြရကြောင်း အင်းလေးဒေသခံ အမျိုးသားတဉီးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

“ရွာထဲ သူစိမ်းတွေဝင်ထွက် နေလားဆိုတာ သူတို့ကစောင့်ကြည့်နေတာ၊ သူတို့မသင်္ကာဘူးဆိုရင် ဖမ်းတယ် ငွေညစ်တယ်၊ ဒေသခံတွေက သူတို့ကို ထမင်းထုတ်တွေပို့ရတယ်၊ ကင်းစောင့်တာလဲ အလှည့်ကျ စောင့်ရတယ်” ဟု ၎င်းကပြောသည်။

ထို့အပြင် စစ်မှုထမ်းကြေးနှင့် ကင်းလှည့်စောင့်ကြည့်သူကို ငွေပေးရန် တလလျှင် ကျပ်ငါးသောင်း ပုံမှန်ထည့်နေရသည်ဟု ၎င်းအမျိုးသားက ပြောသည်။

အင်းလေးဒေသရှိ ဘုရားတောင်ကျေးရွာ၊ ရေပူကျေးရွာ နှင့် လွယ်နွဲ့ ကျေးရွာဘက်တွင် ပအိုဝ်းပြည်သူ့စစ် (PNO) တပ်က တပ်စွဲထားကာ ဒေသတွင်း လှည့်လည်စောင့်ကြည့်စစ်ဆေးမှုများ ပြုလုပ်နေကြောင်း ဒေသခံများ ပြောပြချက်အရ သိရသည်။

ဆက်လက်ပြီး အင်းလေးတွင် ယခုရက်ပိုင်း မိုးရက်ဆက်ရွာသွန်းသောကြောင့် ရေမြင့်တက်ကာ စိုက်ခင်းများပျက်စီးခြင်း၊ သီးနှံများပျက်စီးခြင်းနှင့် ကြုံတွေ့နေရကြောင်း အင်းလေးဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။

“မိုးရာသီလဲ မဟုတ်ဘဲ မိုးတွေနေ့တိုင်းရွာတွင် ရေကတော့ တက်လာတယ် စိုက်ခင်းတချို့လဲ မြုပ်၊ စပါးခင်းဆို ရိတ်သိမ်းရနေပြီ မိုးရွာတော့ တချို့အခင်းဆို ပျက်ကုန်တယ်၊ စီးပွားရေး အဆင်မပြေကြားထဲ PNO ကိုလည်း စစ်မှုထမ်းကြေးထည့်ရ ထမင်းထုတ်ပို့ရနဲ့ အဆင်မပြေဘူး” ဟု အဆိုပါ အမျိုးသမီးက ပြောသည်။

စက်လှေဆိပ်များတွင် ငါးဖမ်းထွက်သည့် လှေများကို PNO တပ်က စောင့်ကြည့်ကာ မနက် ၇ နာရီမှ ညနေ ၇ နာရီအထိသာ သွားလာခွင့်ပြုထားကြောင်းနှင့် ခွင့်ပြုချက်မရှိသွားလာပါက ဖမ်းဆီးငွေညှစ်မှုများ ရှိနေကြောင်း သိရသည်။

သျှမ်းသံတော်ဆင့်