မန္တလေး–မြစ်ကြီးနား ပြည်ထောင်စုလမ်းမကြီးတစ်လျှောက် တိုက်ပွဲပြင်းထန်ခဲ့တဲ့ ကျေးရွာတွေမှာ စစ်တပ်စစ်ကြောင်းတွေ ထွက်ခွာသွားပြီးနောက် တိုက်ပွဲအတွင်း သေဆုံးခဲ့တဲ့ အာဏာသိမ်းစစ်တပ်ဘက်က တပ်ဖွဲ့ဝင်ရုပ်အလောင်း ၅၀ ကျော်ကို ဒေသခံတွေက ထပ်မံတွေ့ရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်း စစ်ကိုင်းတိုင်း အင်းတော်မြို့နယ် မဲဇာ၊ လယ်ပြင်၊ နန့်သဲနဲ့ အနီးတစ်ဝိုက်ကျေးရွာတွေမှာ စစ်တပ်နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေကြား တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားခဲ့တာဖြစ်ပြီး စစ်တပ်ဘက်က အကျအဆုံးများခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
တိုက်ပွဲတွေပြီးနောက် စစ်တပ်စစ်ကြောင်းတွေ ကျေးရွာတွေကနေ ထွက်ခွာသွားချိန်မှာ နေအိမ်တွေအတွင်း၊ လမ်းဘေး၊ ရေနုတ်မြောင်းတွေနဲ့ ဘုန်းကြီးကျောင်းဝန်းတွေမှာ ရုပ်အလောင်းတွေကို တွေ့ရှိခဲ့ရတာပါ။
လက်ရှိမှာ ပိန်းအင်းရွာကနေ ရွာသစ်ရွာအထိ ရုပ်အလောင်းတွေကို ဒေသခံအုပ်ချုပ်ရေးတာဝန်ရှိသူတွေ၊ ရွာခံတွေနဲ့ တော်လှန်ရေးရဲဘော်တချို့ ပူးပေါင်းပြီး ရှင်းလင်းနေကြတာ ၃ ရက်ခန့်ရှိပြီလို့ အင်းတော်ဒေသခံအမျိုးသားတစ်ဦးက နိုဝင်ဘာ ၂ ရက်မှာ ပြောပါတယ်။
ခုလို ရှင်းလင်းနေစဉ် ပိန်းအင်းနဲ့ ရွာသစ်ကြားတစ်ဝိုက်မှာ ရုပ်အလောင်း ၅၀ ကျော်ကနေ ၆၀ ကျော်အထိ တွေ့ရှိထားနိုင်တယ်လို့ သူက ခန့်မှန်းပါတယ်။
“အခု ကျနော်တို့ ပိန်းအင်းရွာကနေစလို့ ရွာသစ်အထိ ရှင်းနေကြပြီပေါ့လေ။ ရှင်းနေတာ သုံးရက်တော့ရှိပြီ။ ဘယ်လောက်အထိ တွေ့ထားလဲဆိုရင် ပိန်းအင်းရယ်၊ ရွာသစ်ဘုန်းကြီးကျောင်းဝန်းရယ်မှာတော့ တော်တော်များတယ်။ပိန်းအင်းနဲ့ ရွာသစ်ကြားမှာ အလောင်းက ၅၀ ကျော်၊ ၆၀ ကျော်မယ်ထင်တယ်” လို့ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။
တွေ့ရှိထားတဲ့ ရုပ်အလောင်းတွေဟာ တစ်နေရာတည်းမှာ မရှိဘဲ လူနေအိမ်တွေအတွင်း၊ ကားလမ်းဘေး၊ ရေနုတ်မြောင်းတွေနဲ့ မြေကျင်းတိမ်တိမ်တွေထဲမှာ တွေ့ရှိရတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် အလောင်းတချို့ကို မြေတိမ်တိမ်သာ ဖုံးအုပ်ထားပြီး ခန္ဓာကိုယ်တစ်ပိုင်း ပေါ်နေတဲ့အခြေအနေနဲ့လည်း တွေ့ရှိခဲ့ရတယ်လို့ သိရပါတယ်။
ဒေသခံတွေပြောပြချက်အရ နိုဝင်ဘာ ၂ ရက် တစ်ရက်တည်းမှာပဲ ရွာသစ်ဘုန်းကြီးကျောင်းဝန်းနဲ့ ကားလမ်းတစ်လျှောက်မှာ ရုပ်အလောင်း ၁၀ လောင်းကျော် ထပ်တွေ့ခဲ့တယ်လို့ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။
“ဒီနေ့ကြီးပဲ ရွာသစ်ဘုန်းကြီးကျောင်းဝန်းနဲ့ ကားလမ်းတစ်လျှောက်လေးတွေ့တာကိုမှ ၁၀ လောင်းကျော်မယ်ဗျ။ သူတို့က အလောင်းတွေကိုလည်း မသပ်မရပ်ပေါ့လေနော်။ အိမ်ထဲမှာတွေကော ပစ်ထားခဲ့တာ။ ရှေ့ကမြောင်းထဲတွေမှာရော၊ လူနေအိမ်တွေထဲမှာရော အကုန်လုံးရှိတယ်” လို့ သူကပြောပါတယ်။
ရုပ်အလောင်းတွေ ပုပ်ပွနေတဲ့အတွက် ပိန်းအင်း၊ မအူကုန်း၊ ရွာသစ်၊ အောင်သာကုန်းနဲ့ လယ်ပြင်တစ်ဝိုက်မှာ အပုပ်နံ့တွေ ပြင်းထန်စွာ ထွက်နေပြီး ဆိုင်ကယ်နဲ့ ဖြတ်သန်းသွားလာချိန်မှာတောင် လမ်းတစ်လျှောက် အနံ့အသက်ဆိုးရွားနေတယ်လို့ ဒေသခံက ဆိုပါတယ်။
“အလောင်းတွေက ဘယ်လောက်ထိများလဲဆိုရင် ပိန်းအင်းကနေ ဆိုင်ကယ်စီးခဲ့တာ ကားလမ်းကနေပေါ့။ အပုပ်နံ့က တစ်လမ်းလုံးပဲဗျ။ လယ်ပြင်၊ အောင်သာကုန်း၊ ရွာသစ်၊ ပိန်းအင်း၊ မအူကုန်း အဲဒီတစ်ကြောမှာပေါ့လေ။ ဒါ ဗုတလက်ရွာတွေ မပါသေးဘူး။ အလောင်းတွေ့ရှိမှုက” လို့ အထက်ဖော်ပြပါ ဒေသခံအမျိုးသားတစ်ဦး ဆက်ပြောပါတယ်။
အင်းတော်မြို့နယ် နန့်သဲရွာမှာလည်း ပြီးခဲ့တဲ့ အောက်တိုဘာ တတိယအပတ်က စစ်တပ်ဘက်က တပ်ဖွဲ့ဝင်ရုပ်အလောင်း ၄၀ ကျော် တွေ့ရှိခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒါ့အပြင် နန့်သဲမြောက်ဘက် နောင်မိုးရွာ ဘုန်းကြီးကျောင်းနဲ့ နန့်သဲ–နောင်မိုးကြားက ရေတွင်းတစ်တွင်းမှာလည်း ရုပ်အလောင်းတွေ တွေ့ရှိခဲ့ရတယ်လို့ ဆိုပါတယ်။
အခုနောက်ဆုံး ပိန်းအင်းနဲ့ ရွာသစ်ကြားတစ်ဝိုက်မှာ ရုပ်အလောင်း ၅၀ ကျော် ထပ်မံတွေ့ရှိလာတာကြောင့် အင်းတော်မြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားခဲ့တဲ့ ကျေးရွာတွေနဲ့ လမ်းတစ်လျှောက်မှာ ရုပ်အလောင်းတွေ့ရှိမှု ပိုများလာနေပါတယ်။
ရုပ်အလောင်းတွေကို စနစ်တကျ ရှင်းလင်းသင်္ဂြိုဟ်ထားတာ မရှိတဲ့အတွက် စစ်ကြောင်းတွေ ထွက်ခွာသွားပြီးနောက် ဒေသခံတွေနဲ့ ရွာခံတွေက ကိုယ်တိုင်လိုက်လံရှင်းလင်းနေရတယ်လို့ သိရပါတယ်။
အထူးသဖြင့် လူနေအိမ်တွေနဲ့ ရေနုတ်မြောင်းတွေအပြင် အရင်က သောက်သုံးရေယူခဲ့တဲ့ ရေတွင်းတွေထဲမှာပါ ရုပ်အလောင်းတွေ တွေ့ရှိခဲ့ရတာကြောင့် ဒေသခံတွေအနေနဲ့ ရုပ်အလောင်းရှင်းလင်းရေးအပြင် ရေတွင်းနဲ့ ပတ်ဝန်းကျင်သန့်ရှင်းရေးဆိုင်ရာ အခက်အခဲတွေကိုပါ ရင်ဆိုင်နေရပါတယ်။
လက်ရှိရှင်းလင်းရေးလုပ်ငန်းတွေ ပြီးဆုံးချိန်မှာ စုစုပေါင်း ရုပ်အလောင်း ဘယ်လောက်အထိ တွေ့ရှိနိုင်မလဲဆိုတာ မသိရသေးပါဘူး။
KNG