အင်းစိန်ထောင်ကလွှတ်ပေးလိုက်သည့် မွတ်ဆလင် ၁၀၀ ခန့်ကို မိသားစုထံလွှဲပြောင်း

By MPM 6 မတ်, 2025 👁 7

ရန်ကုန်မြို့၊ အင်းစိန်အကျဉ်းထောင်မှ လွှတ်ပေးလိုက်သည့် မွတ်ဆလင် ၉၃၆ ဦးအနက် ရခိုင်ပြည်၊ စစ်တွေမြို့နယ်မှ မွတ်ဆလင် ၁၀၀ ခန့်ကို စစ်ကောင်စီက မိသားစုများထံ ဖေဖော်ဝါရီလ နောက်ဆုံးအပတ်တွင် လွှဲပြောင်းလိုက်ပြီဖြစ်ကြောင်း သိရသည်။

ကျန်မွတ်ဆလင်များကို လုံခြုံရေးအခြေအနေအရဟုဆိုကာ နေရပ်ပြန်မပို့ဘဲ စစ်တွေမြို့နယ်ရှိ ဒုက္ခသည်စခန်းများတွင် နေရာချပေးထားကြောင်း သိရသည်။

“စစ်တွေမြို့နယ်က မွတ်ဆလင်တွေကိုတော့ မိသားစုတွေဆီကို လွှဲပြောင်းလိုက်ပြီ။ ကျန်မွတ်ဆလင်တွေကို လုံခြုံရေးအရပို့ပေးဖို့ အဆင်မပြေတဲ့အတွက် ဒုက္ခသည်စခန်းတွေမှာ ယာယီထားမယ်လို့ သိရတယ်” ဟု မွတ်ဆလင်သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

နေရပ်ပြန်ပို့ရန် အခက်ခဲဖြစ်နေသည့် မွတ်ဆလင်များမှာ အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသည့် ကျောက်တော်၊ မြောက်ဦး၊ မင်းပြား စသည့် မြို့နယ်များမှဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၆ ရက်နေ့က အင်းစိန်ထောင်မှ လွတ်လာသည့် မွတ်ဆလင် ၉၃၆ ဦးကို စစ်ကောင်စီက ရေလမ်းခရီးဖြင့် စစ်တွေမြို့သို့ ပို့ဆောင်ခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင် ၎င်းတို့အား စစ်တွေမြို့နယ်ရှိ သက္ကယ်ပြင်၊ အုန်တောကြီး၊ အုန်းတောချေ ဒုက္ခသည်စခန်းများတွင် ယာယီနေရာချပေးထားကြောင်း သိရသည်။

“သူတို့ကို လက်ရှိ အဲဒီစခန်းတွေမှာ ယာယီထားတယ်လို့ သိရတယ်။ လတ်တလောမှာ နိုင်ငံတကာ အဖွဲ့အစည်းတွေက စားနပ်ရိက္ခာတွေ ထောက်ပံ့ထားတယ်လို့ သိရတယ်။ ဘယ်နေ့ ပြန်ပို့မယ်ဆိုတာတော့ မသိရဘူး” ဟု ဘုမေကျေးရွာမှ မွတ်ဆလင်အမျိုးသားတစ်ဦးက ပြောသည်။

အဆိုပါ မွတ်ဆလင်များကို ဒုက္ခသည်စခန်းတွင်မထားဘဲ ရရာနည်းလမ်းနဲ့ မိမိနေရပ်သို့ ပြန်ပို့ပေးသင့်ကြောင်း မွတ်ဆလင်အသိုင်းအဝိုင်းက ပြောဆိုကြသည်။

“သူတို့ကိုလည်း ရရာနည်းလမ်းတစ်ခုခုနဲ့ မိမိနေရပ်ကို ပြန်ပို့ပေးသင့်တယ်။ အခု စစ်တွေမြို့နယ်မှာလည်း တိုက်ပွဲတွေဖြစ်နေတယ်။ မြို့ထဲမှာ တိုက်ပွဲဖြစ်ရင်တော့ သူတို့လည်းပိတ်မိမှာ သေချာတယ်။ ဒါကြောင့် သူတို့ကိုလည်း ပြန်ပို့စေချင်တယ်” ဟု စစ်တွေမြို့မှ မွတ်ဆလင်တစ်ဦးက ပြောသည်။

အဆိုပါ မွတ်ဆလင်များ နေရာချထားရေးနှင့် ပတ်သက်၍ ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၈ ရက်က ပြည်နယ် စစ်ကောင်စီတာဝန်ရှိသူများ စစ်တွေရှိ နိုင်ငံတကာအကူညီပေးရေးအဖွဲ့များနှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။

လက်ရှိ၌ စစ်တွေမြို့နယ်တွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော် (AA) တို့ကြား လက်နက်ကြီးများ အပြန်အလှန် ပစ်ခတ်မှုများရှိသည့်အပြင် စစ်ကောင်စီက လေကြောင်းများကို အသုံးပြု၍ တိုက်ခိုက်မှုများလည်း ရှိနေသည်။

အောင်ထိန် (DMG) ပေးပို့သည်။