ချင်း (ဇို) မျိုးနွယ်စုအချင်းချင်းကြား စည်းလုံးညီညွတ်ရေးနှင့် စိတ်ဝမ်းကွဲစေနိုင်မည့် အမုန်းစကားများ လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ဖြန့်ဝေခြင်းမပြုကြရန် Zo-Reunification Organiation (ZORO) က တောင်းဆိုလိုက်သည်။
ယခုရက်ပိုင်းအတွင်း စစ်ဘေးရှောင်အရေးနှင့်ပတ်သက်၍ လူမှုကွန်ရက်စာမျက်နှာ Facebook နှင့် Youtube တွင် စာဖြင့်သော်လည်းကောင်း၊ ရုပ်သံဖြင့်သော်လည်းကောင်း စည်းလုံးညီညွတ်မှု ပြိုကွဲစေနိုင်သည့် စိတ်ဝမ်းကွဲစေနိုင်သော အမုန်းစကားများပေါ်ပေါက်ခဲ့မှုအပေါ် စိတ်မကောင်းဖြစ်ရသည်ဟု ZORO က မတ်လ ၁၁ ရက်နေ့တွင် ကြေညာချက်ထုတ်ပြန်ခြင်း ဖြစ်သည်။
ထိုကဲ့သို့အမုန်းစကားများ ဖြန့်ဝေမှုများကြောင့် ချင်း (ဇို) မျိုးနွယ်စုများအကြား မလိုလားအပ်သော ဆိုးကျိုးများ သက်ရောက်နိုင်သည့်အတွက် လူမှုကွန်ရက်စာမျက်နှာပေါ်ကတဆင့် အပြန်အလှန် ဝေဖန်တိုက်ခိုက်သော အရေးအသားနှင့် ရုပ်သံများ ထုတ်လွှင့်ခြင်းမပြုကြရန် ZORO က တောင်းဆိုထားသည်။
ပြီးခဲ့သည့်ရက်ပိုင်းကစ၍ မီဇိုရမ်ပြည်နယ်က နာမည်ကြီးအဆိုတော်တစ်ယောက်က မီဇိုရမ်ပြည်နယ်အတွင်း နေထိုင်ကြသော မြန်မာနိုင်ငံက စစ်ဘေးရှောင်အရေး ပြောဆိုထောက်ပြမှုနှင့်ပတ်သက်ပြီး လူမှုကွန်ရက် စာမျက်နှာပေါ်တွင် ဝေဖန်တိုက်ခိုက်မှုများ အပြင်းအထန် ထွက်ပေါ်လာခဲ့သည်။
မီဇိုရမ်ပြည်နယ်တွင် ရောက်ရှိနေကြသော ချင်းစစ်ဘေးရှောင်များ၏ နေပုံထိုင်ပုံများနှင့်ပတ်သက်၍ ယင်းအဆိုတော်က ဝေဖန်ထောက်ပြပြောဆိုခဲ့ပြီးနောက် ထောက်ခံသူနှင့် မထောက်ခံသူများအကြား လူမှုကွန်ရက်စာမျက်နှာတွင် အပြန်အလှန်တိုက်ခိုက်မှုများ ပြင်းထန်စွာ ထွက်ပေါ်ခဲ့ခြင်းဖြစ်သည်။
ကမ္ဘာအရပ်ရပ်က ချင်း (ဇို) မျိုးနွယ်စုများ ပြန်လည်ပေါင်းစည်းရေးအတွက် ကြိုးပမ်းနေသည့်ကာလတွင် ယခုကဲ့သို့ စည်းလုံးမှုပြိုကွဲစေနိုင်သော အမုန်းစကားများ ဖြန့်ဝေပြောဆိုမှုများကို ရပ်တန့်ကြရန် ZORO က တောင်းဆိုခြင်း ဖြစ်သည်။
မီဇိုရမ်ပြည်နယ်က အရပ်ဖက်အဖွဲ့အစည်းတစ်ခုဖြစ်သည့် ZORO သည် ၁၈၉၂ ခုနှစ် ချင်း – လူရှိုင်းညီလာခံ သဘောတူညီချက် အပိုဒ် ၁ နှင့် ၂၀၀၇ ခုနှစ် ဌာနေတိုင်းရင်းသားလူမျိုးများ အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ ကြေငြာစာတမ်းအရ မြန်မာ – အိန္ဒိယ – ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့၌ ပိုင်းခြားအုပ်ချုပ်ခံရနေသော ချင်း – လူရှိုင်း -ကူကီး အနွယ်ဝင်များ အုပ်ချုပ်မှုတစ်ခုအောက်တွင် ပြန်လည်ပေါင်းစည်းနိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက် နေသည့်အဖွဲ့ ဖြစ်သည်။
ZORO အဖွဲ့အစည်းအနေဖြင့် ကမ္ဘာအရပ်ရပ်တွင် ရှိနေကြသော ချင်း (ဇို) မျိုးနွယ်စုများ အချင်းချင်းကြား ပြန်လည်ပေါင်းစည်းညီညွတ်ရေးအတွက် ဆက်လက်ဆောင်ရွက်သွားမည်ဟု ပြောဆိုသည်။
KMG ပေးပို့သည်။