ဟုမ္မလင်းမှာ ညမထွက်ရအမိန့်ထုတ်ပြန်ထားပြီး အရပ်သားဖမ်းဆီးခံရသူများလာ

0
362
Photo – Social Media

စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့ထဲမှာ စစ်ကောင်စီတပ်က ညမထွက်ရအမိန့် ထုတ်ပြန်ထားပြီး သတ်မှတ်အချိန်အတွင်း အပြင်ထွက်သူတွေကို ဖမ်းဆီးတာအပြင် ဖမ်းခံရတဲ့အရပ်သားတွေထဲက တချို့ကို ငွေကျပ် ၃ သိန်းနဲ့ ပြန်ရွေးခိုင်းပြီး လွှတ်ပေးတာတွေရှိနေတယ်လို့ ဟုမ္မလင်းဒေသခံတွေဆီက သိရသည်။

ဟုမ္မလင်းမြို့ကို စစ်ကောင်စီက နိုဝင်ဘာ ၉ ရက်နေ့က စပြီး ည ၈ နာရီနဲ့ မနက် ၆ နာရီ အချိန်အတွင်း ညမထွက်ရ အမိန့်တရပ် ထုတ်ပြန်ခဲ့ပြီးနောက် ညဘက် အရပ်သားဖမ်းဆီးခံရမှုတွေ ခပ်စိပ်စိပ်ရှိလာနေပြီး တချို့ကိုလည်း ပြန်မလွတ်ပေးဘဲ ထိန်းသိမ်းထားတယ်လို့ ဟုမ္မလင်းမြို့ခံအမျိုးသမီးတစ်ဦးက ပြောပါသည်။

“ည ၈ နာရီ မထွက်ရအမိန့်က ထုတ်ပြန်တာ မကြာသေးဘူး။ အဲ့အမိန့် မထုတ်ခင်ကလည်း ည ၁၀ နာရီ၊ ၁၁ နာရီထွက်တဲ့လူတွေကို ကင်းလှည့်ပြီး ဖမ်းတာဆီးတာရှိတယ်။ တစ်ညတစ်ည လူ ၂၀၊ ၃၀ ထိ ဖမ်းခံလိုက်ရတာ၊ အများပိုင်းတော့ မလွတ်သေးဘူး။ တချို့ကိုတော့ ပိုက်ဆံ ၃ သိန်းနဲ့ ရွေးခိုင်းတယ်။ မနေ့ညထိ ညတိုင်းပဲ ကင်းလှည်တယ်၊ ဖမ်းခံရတာတွေလည်းရှိတယ် မနေ့ညက” လို့ အဆိုပါမြို့ခံအမျိုးသမီးက ပြောသည်။

စစ်ကောင်စီက ည ၈ နာရီ နောက်ပိုင်း ညမထွက်ရအမိန့် မထုတ်ပြန်ခင် နိုဝင်ဘာ ၆ ရက်နေ့လောက်ကတည်းက ည ၁၀ နာရီ နောက်ပိုင်းထွက်တဲ့ အရပ်သားတွေကို ဖမ်းဆီးတာမျိုးလုပ်ခဲ့ပြီး ဖမ်းဆီးခံရတဲ့ အရပ်သား ၅၀ လောက် ရှိခဲ့ရာ လူပေါင်း ၃၀ နီးပါး ပြန်မလွှတ်ဘဲ ထိန်းသိမ်းခံထားရဆဲ ဖြစ်တယ်လို့ သိရသည်။

“အမျိုးသမီးတွေဘာတွေတော့ ပြန်လွှတ်ပေးတာ များတယ်။ ဒါပေမယ့် ၃ သိန်းနဲ့ ရွေးခိုင်းတယ်။ သူတို့သံသယရှိတဲ့ လူတွေကိုတော့ မလွှတ်ပေးဘူး။ ရွေးလည်း မရွေးခိုင်းဘူး။ လျှပ်စစ်က ဝန်ထမ်း နှစ်ယောက်ကိုလည်း ဖမ်းထားတယ်” လို့ နောက်ထပ်မြို့ခံအမျိုးသမီးတစ်ဦးက ပြောပါသည်။

လက်ရှိ၌ ပြန်မလွတ်ဘဲ ထိန်းသိမ်းထားတဲ့ အရပ်သား ၃၀ လောက်ထဲမှာ KTV က အပြန် ဖမ်းဆီးခံလိုက်ရတဲ့ စစ်ကောင်စီ လက်အောက်ခံ EPC ဝန်ထမ်းအမျိုးသား ၂ ဦးလည်း ပါဝင်နေတယ်လို့ ဟုမ္မလင်းဒေသခံတွေက ပြောသည်။

ဟုမ္မလင်းမြို့၌ ညမထွက်ရအမိန့်ကို စစ်ကောင်စီက ထုတ်ပြန်ထားပြီး‌နောက် ညပိုင်းကင်းလှည့်တာ အရပ်သားတွေကို ဖမ်းဆီးတာတွေကို‌တော့ SNA တပ်က လုပ်ဆောင်နေတာလို့ ဒေသခံတွေက ပြောဆိုသည်။

စစ်ကောင်စီတပ်က ညမထွက်ရ အမိန့်ကို ရပ်ကွက်တွေထဲ နှုတ်နဲ့လိုက်လံ အသိပေးတာမျိုးသာ ရှိခဲ့တာကြောင့် မြို့ပေါ်ဒေသခံနဲ့ မြို့အနီးက ကျေးရွာဒေသခံတချို့က ညမထွက်ရအမိန့်ကို မသိရှိလိုက်ရတာကြောင့် ဖမ်းဆီးခံရမှုတွေ ဆက်တိုက်ရှိနေတယ်လို့ မြို့ခံများထံမှ သိရသည်။

လက်ရှိ ဖမ်းဆီးခံထားရတဲ့ အရပ်သားတွေကို ဟုမ္မလင်းမြို့မရဲစခန်းထဲတွင် ထိမ်းသိမ်းထားပြီး မိသားစုဝင်နဲ့ တွေ့ခွင့်သာပေးတယ်လို့ စုံစမ်းသိရသည်။

ဟုမ္မလင်းမြို့နယ်ထဲတွင် နိုဝင်ဘာ ၆ ရက်နေ့ လောက်ကတည်းက SNA၊ စစ်ကောင်စီပူးပေါင်းတပ်နဲ့ ဟုမ္မလင်း PDF မဟာမိတ် ပူးပေါင်းတပ်တွေကြား တိုက်ပွဲများ စဖြစ်ပွားခဲ့ပြီး နှစ်ဖက်စစ်ရေးတင်းမာမှုတွေ ရှိနေတာကြောင့် အခုလို မြို့တွင်းကို စစ်ကောင်စီက တင်းကြပ်ထားပြီး မြို့ဝင်၊ မြို့ထွက် ဥရုချောင်းတံတားနဲ့ ချင်းတွင်း မြစ်ကူးတံတား ပိတ်ပင်တာတွေလည်း ရှိခဲ့သည်။

KNG ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here