စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့ပေါ်မှာ အာဏာသိမ်းစစ်တပ်နှင့် ရှမ်းနီအမျိုးသားများတပ်ဖွဲ့ (SNA) ပူးပေါင်းတပ်က နေ့ခင်းဘက်အဖမ်းဆီးကြမ်းနေတာကြောင့် လူငယ်တွေ သွားရေးလာရေး အခက်အခဲဖြစ်လာနေတယ်လို့ သိရပါတယ်။
ဟုမ္မလင်းမြို့ပေါ်မှာ ဒီနှစ် မေလနောက်ပိုင်းကနေစပြီး စစ်ကောင်စီတပ်၊ SNA၊ ပျူစောထီး၊ ပြည်သူ့စစ်၊ ထွေအုပ်ဝန်ထမ်းတွေပေါင်းပြီး မြို့ပေါ်ရပ်ကွက်တွေမှာ CCTV ကနေကြည့်ပြီး လူငယ်တွေကို လိုက်လံဖမ်းဆီးနေတယ်လို့ ဟုမ္မလင်းမြို့ခံ အမျိုးသမီးတစ်ဦး KNG ကို ပြောပါတယ်။
“သူတို့က CCTV ကနေကြည့်ပြီး လိုက်ဖမ်းတာရှင့် လူငယ်တွေ စုစုရုံးရုံးရှိတဲ့နေရာ လူငယ်တွေ သွားသွားလာလာတွေ့တဲ့နေရာတွေ့တာနဲ့ သူတို့အချုပ်ကားတွေနဲ့ တန်းရောက်လာပြီး လာဖမ်းတာ တစ်ခါတလေ နေ့ခင်းဆိုလည်း လှည့်ပတ်ပြီးဖမ်းတာ လူငယ်တွေ အပြင်တောင်ထွက်လိူ့မရဘူး မိန်းခလေးယောကျ်ားလေး လူငယ်ဆိုရင် အကုန်ဖမ်းတယ်” လို့ အထက် ၅၀ ကျော်အရွယ် အထက်ဖော်ပြပါအမျိုးသမီးက ပြောပါတယ်။
စစ်ကောင်စီပူးပေါင်းတပ်ဖွဲ့တွေဟာ ဟုမ္မလင်းမြို့ပေါ်ရပ်ကွက်တွေမှာ မနက် ၉ နာရီကနေ မွန်းလွှဲ ၃ နာရီ၊ ည ၆ နာရီကနေ ည ၁၀ နာရီခွဲအထိ လှည့်ပတ်လာပြီး ဖမ်းဆီးနေတယ်လို့ သူက ဆက်ပြောပါတယ်။
ဒါကြောင့် ပြီးခဲ့တဲ့တစ်ပတ်အတွင်း ဟုမ္မလင်းမြို့ပေါ်မှာ ဖမ်းဆီးခံရတဲ့ လူငယ် ၂၀ ကျော်ရှိပြီး ၅ ဦးကိုတော့ ငွေသားနဲ့ ပြန်ရွေးထုတ်နိုင်ခဲ့ကြောင်း သိရပါတယ်။
“တစ်ပတ်ထဲ ၂၀ ကျော်ပါသွားတယ် တစ်ယောက်ကိုတော့ သိန်းခုနှစ်ရာနဲ့ရွေးတယ် နောက်လေးယောက်ကိုတော့ တစ်ယောက်ကို သိန်းတစ်ရာနဲ့ရွေးတယ်” လို့ နောက်ထပ်ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။
စစ်တပ်ဘက်က ပေါ်တာလိုက်ဆွဲရာမှာတော့ ကျား၊ မ မရွေး အသက် ၁၅ နှစ်ကနေ အသက် ၃၀ ဝန်းကျင်ကြားကို အဓိက လိုက်လံဖမ်းဆီးနေတာလို့ သိရပါတယ်။
အခုလို ပေါ်တာလိုက်ဆွဲနေတာကြောင့် မိသားစုလုပ်ငန်းခွင်သွားတဲ့လူငယ်တွေ ပုဂ္ဂလိကဝန်ထမ်းတွေ နေ့စဥ်သွားရေးလာရေးခက်ခဲနေကြောင်း ဆိုပါတယ်။
ဟုမ္မလင်းမြို့နယ်ထဲမှာတော့ မြို့ခံလူငယ်တွေ ပေါ်တာဆွဲတဲ့ဒဏ်ကို ဆိုင်ရင်နေရသလို ကျေးရွာဘက်ကလူငယ်တွေလည်း SNA တပ်က တစ်အိမ်တစ်ယောက် တပ်ထဲမဝင်မနေရ အမိန့်ထုတ်ပြန်ထားတာကြောင့် ဒေသခံလူငယ်တွေ အခက်တွေ့နေကြောင်း သိရပါတယ်။
လက်ရှိမှာတော့ ဟုမ္မလင်း မြို့နယ်ထဲက ဟုမ္မလင်း PDF တပ်ပေါင်းစုတွေထိန်းချုပ်ထားတဲ့ ရွှေပြည်အေးမြို့ဘက်ကို စစ်ကောင်စီတပ်၊ SNA ပူးပေါင်းတပ်တွေ ထိုးစစ်ဆင်နေတာကြောင့် နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေကြောင်းသိရပါတယ်။
KNG