သျှမ်းပြည်တောင်ပိုင်းတကြောရှိ အွန်လိုင်း ကျားဖြန့်ငွေလိမ်ဂိုဏ်းများကို စစ်ကောင်စီက အသည်းအသန်ရှာဖွေ ဖမ်းဆီးနေ

By MPM 25 မတ်, 2025 👁 7

သျှမ်းပြည်တောင်ပိုင်းတကြောရှိ ကျေးသီး၊ နမ့်စန်၊ ခိုလမ်နှင့် လဲချားမြို့နယ်အတွင်းက အွန်လိုင်းကျားဖြန့် ငွေလိမ်ဂိုဏ်းများကို စစ်ကောင်စီက ယခုရက်ပိုင်း အသည်းအသန်ရှာဖွေဖမ်းဆီးမှုများ ပြုလုပ်နေကြောင်း ဒေသခံများထံက စုံစမ်းသိရသည်။

မတ် ၂၂ ရက်က စတင်ပြီး စစ်ကောင်စီတပ်ဖွဲ့များက ကျေးသီး၊ နမ့်စန်၊ ခိုလမ်နှင့် လဲချားမြို့နယ်များအတွင်းရှိ အွန်လိုင်းကျားဖြန့် ငွေလိမ်ဂိုဏ်းများကို အသည်းအသန် ရှာဖွေဖမ်းဆီးမှုများပြုလုပ်ခဲ့ရာတွင် ကျားဖြန့်လုပ်ကိုင်သူ ၇၀၀ ကျော်ကို ဖမ်းဆီးရမိခဲ့ပြီး ၎င်းတို့ကို သျှမ်းပြည်တောင်ပိုင်း နမ့်စန်မြို့တွင် ထိန်းသိမ်းထားသည်ဟု ဆိုသည်။

နမ့်စန်မြို့ ရပ်ကွက်(၅) ရှိ အားကစားရုံတွင် ဖမ်းဆီးထိန်းသိမ်းထားသည့် ကျားဖြန့်လုပ်ကိုင်သူ ၇၂၃ ဦးထဲတွင် တရုတ်နိုင်ငံသား အများအပြားပါဝင်ပြီး၊ ၎င်းတို့အတွက် နမ့်စန်မြို့ပေါ် ရပ်ကွက် (၅) ခုမှ တစ်ရပ်ကွက်လျှင် ထမင်းထုပ် (၁၅၀) ထုပ်စီ သွားရောက်ပို့ဆောင်ကျွေးမွေးရကြောင်း နမ့်စန်မြို့ဒေသခံများက ပြောသည်။

နမ့်စန်မြို့ခံအမျိုးသားတစ်ဦးက “ဖမ်းလာတဲ့ ၇၂၃ ယောက်ထဲမှာ တရုတ်လူမျိုးတွေက အများဆုံးပဲ။ အခု ကျနော်တို့ တစ်ရပ်ကွက်ကို ထမင်းထုပ် (၁၅၀) ထုပ်စီ သွားပေးရတယ်။ သူတို့က ပြည်သူပိုက်ဆံတွေ လိမ်စားနေတဲ့သူတွေဆိုပြီးတော့ ကျားဖြန့်မို့လို့ အချို့ကလည်း မပေးချင်၊ မကျွေးချင်ကြဘူး” ဟု ပြောသည်။

ဖမ်းဆီးရမိသည့် တရုတ်နိုင်ငံသားများကို စစ်ကောင်စီက ၎င်းတို့နိုင်ငံသို့ ပြန်လွှဲပြောင်းပေးရန် စီစဉ်နေကြောင်း၊ ထပ်မံ ဖမ်းဆီးထားသည့် ကျားဖြန့်လုပ်ကိုင်သူများကို စစ်ကောင်စီက နမ့်စန်မြို့တွင်းသို့ ထပ်မံလာရောက် ပို့ဆောင်မည်ဟုလည်း ပြောဆိုထားကြောင်း ဒေသခံများပြောဆိုမှုအရ သိရသည်။

“တရုတ်နိုင်ငံသားတွေဆိုရင် စစ်ကောင်စီက သူတို့ တရုတ်နိုင်ငံကို ချက်ချင်း လွှဲပေးတယ်။ မြန်မာနိုင်ငံသားဆိုရင် ဖမ်းမိတာနဲ့ ပိုက်ဆံတောင်းပြီး ပြန်လွှတ်ပေးလေ့ရှိတယ်” ဟု နမ့်စန်မြို့ ကျားဖြန့် ဖမ်းဆီးမှုကိစ္စနှင့် ပတ်သက်ပြီး ဖြစ်စဉ်သိရှိသူ အသက် ၅၀ အရွယ်ခန့် ၎င်းအမျိုးသားက ပြောသည်။

ပြီးခဲ့နှစ် ၂၀၂၄ ဇန်နဝါရီလအတွင်းက စစ်ကောင်စီဖမ်းဆီးရမိသည့် ကျားဖြန့်လုပ်ကိုင်သူ တရုတ်လူမျိုး (၁၀၀၀) ကျော်ကို ကားဖြင့်တင်ဆောင်ပြီး နမ့်စန်မြို့ကိုဖြတ်သန်းကာ သျှမ်းပြည် အရှေ့ပိုင်းမှတဆင့် တရုတ်နိုင်ငံသို့ ပြန်လည် လွှဲပြောင်းပေးခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။

အလားတူ မိုင်းရှူးမြို့နယ်အတွင်း အခြေစိုက်လုပ်ကိုင်နေသည့် ကျားဖြန့်ငွေလိမ်ဂိုဏ်းတစ်ခုကို ရှမ်းပြည် တိုးတက်ရေးပါတီ / ရှမ်းပြည်တပ်မတော် (SSPP/SSA) က မတ်လ ၂၃ ရက်တွင် ဝင်ရောက်ဖမ်းဆီးခဲ့ရာ တရားမဝင် တရုတ်နိုင်ငံသားအချို့ကို ဖမ်းဆီးရမိခဲ့ကြောင်း SSPP Info မှ သတင်းထုတ်ပြန်ထားသော်လည်း ဖမ်းဆီးရမိခဲ့သူ အရေအတွက်ကို ဖော်ပြထားခြင်းမရှိပေ။

သျှမ်းသံတော်ဆင့် ပေးပို့သည်။