သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ကုလတွင် ဆက်လက်ထားရှိရေး NLD အိတ်ဖွင့်ပေးစာ ပေးပို့တောင်းဆို

By MPM 24 စက်တင်ဘာ, 2026 👁 55

မြန်မာနိုင်ငံဆိုင်ရာ အမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းကို (၈၁) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ၌ လက်ရှိအခြေအနေအတိုင်း ဆက်လက်ထားရှိပေးရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဗဟိုအလုပ်ကော်မတီက အိတ်ဖွင့်ပေးစာ ပေးပို့တောင်းဆိုလိုက်သည်။

ကုလသမဂ္ဂ အရည်အချင်းစိစစ်ရေးကော်မတီအဖွဲ့ဝင်နိုင်ငံများထံ ယနေ့ (စက်တင်ဘာ ၂၃ ရက်) တွင် တောင်းဆိုခြင်းဖြစ်ပြီး ကုလသမဂ္ဂ အထွေထွေညီလာခံ၏ လုပ်ထုံးလုပ်နည်း စည်းမျဉ်း ၂၇ မှ ၂၉ အရ အထောက်အထား စာများကို ကော်မတီက စိစစ်ရန် လိုအပ်ကြောင်း စာတွင်ဖော်ပြထားသည်။

၁၉၅၀ ခုနှစ် ဒီဇင်ဘာ ၁၄ ရက် အထွေထွေညီလာခံ ဆုံးဖြတ်ချက် ၃၉၆ (V) တို့အရ အဖွဲ့ဝင်နိုင်ငံတခု၏ ကိုယ်စားပြုခွင့်ကို အာဏာပိုင်တဦးထက်မက တောင်းဆိုလာပါက နယ်မြေအပေါ် ထိရောက်စွာ ချုပ်ကိုင်ထားမှု တခုတည်းကို မကြည့်ဘဲ ဒီမိုကရေစီ လုပ်ပိုင်ခွင့်နှင့် လူ့အခွင့်အရေး စံနှုန်းများကို အခြေခံ၍ ဆုံးဖြတ်ရမည်ဖြစ်ကြောင်း NLD က ထောက်ပြထားသည်။

သံအမတ်ကြီး ဦးကျော်မိုးထွန်းသည် ၂၀၂၀ ပြည့်နှစ်တွင် ကုလသမဂ္ဂဆိုင်ရာ အမြဲတမ်းကိုယ်စားလှယ်အဖြစ် ခန့်အပ်မှုဖြင့် ပေါ်ပေါက်လာသူဖြစ်ပြီး၊ ၂၀၂၁ ခုနှစ် ဖော်ဝါရီ ၂၆ ရက်တွင် စစ်အာဏာသိမ်းမှုကို ပြတ်သားစွာ ကန့်ကွက်ကာ ပြည်သူ့ဆန္ဒကို ကိုယ်စားပြု ရပ်တည်နေသူဖြစ်ကြောင်း အိတ်ဖွင့်ပေးစာတွင် ဖော်ပြထားသည်။

ထို့အပြင် (၇၆) ကြိမ်မြောက်မှ (၈၀) ကြိမ်မြောက် အထွေထွေညီလာခံများအထိ ငါးကြိမ်ဆက်တိုက် ဆုံးဖြတ်ချက်ကို ရွှေ့ဆိုင်းကာ သံအမတ်ကြီး ဦးကျော်မိုးထွန်းအား မြန်မာကိုယ်စားလှယ်အဖြစ် ဆက်လက်တာဝန်ထမ်းဆောင်ခွင့်ပြုခဲ့သည့် အစဉ်အလာအတိုင်း ဆက်လက်ကျင့်သုံးပေးရန် တောင်းဆိုထားသည်။

တဖက်တွင်လည်း စစ်အုပ်စု၏ ရွေးကောက်ပွဲသည် အတိုက်အခံများပါဝင်မှု အလွန်ကန့်သတ်ခံရ၍ လွတ်လပ်မျှတမှု မရှိသည့် အခြေအနေများ ၊ အရပ်သားများအပေါ် လေကြောင်းမှ ပစ်မှတ်ထား တိုက်ခိုက်ခြင်းနှင့် မတရား ဖမ်းဆီးချုပ်နှောင်ခြင်းများကို ဦးကျော်မိုးထွန်းက ကုလသမဂ္ဂထံ တင်ပြပြီးဖြစ်ကြောင်း အိတ်ဖွင့်စာတွင်ဖော်ပြထားသည်။

သံအမတ်ကြီး ဦးကျော်မိုးထွန်း၏ ကိုယ်စားပြုမှုကို ဆက်လက် ထားရှိပေးရေး တောင်းဆိုခြင်းသည် ပုဂ္ဂိုလ်တဦး၏ ရာထူးတည်မြဲရေးအတွက် မဟုတ်ဘဲ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးကို လိုလားသည့် မြန်မာပြည်သူများ၏ ဆန္ဒကို အခြေခံ၍ စဉ်းစားပေးရန် NLD ဗဟိုအလုပ်ကော်မတီ၏ အိတ်ဖွင့်ပေးစာတွင် အလေးအနက် တောင်းဆိုထားသည်။

မဇ္ဈိမ