သံတွဲမြို့၊ ကွင်းဝိုင်းရေတပ်အနီးရှိ ကျွဲသောက်ရွာကို စစ်ကောင်စီ လေကြောင်းနှင့် ဗုံးကြဲတိုက်ခိုက်

By MPM 23 ဇူလိုင်, 2024 👁

ရခိုင်ပြည်၊ သံတွဲမြို့နယ်မှ နောက်ဆုံး လက်ကျန်စစ်စခန်းတစ်ခုဖြစ်သည့် ကွင်းဝိုင်းရေတပ်အနီးရှိ ကျွဲသောက်ကျေးရွာကို ဇူလိုင် ၂၁ ရက်နေ့က စစ်ကောင်စီတပ်က လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု ဒေသခံများက ပြောသည်။

ကွင်းဝိုင်းရေတပ်အတွင်းသို့ ဇူလိုင်လ ၂၀ ရက်နေ့က ရှော့တိုက်ဒုံးဖြင့် AA ၏ တိုက်ခိုက်မှုကို ခံရပြီးနောက် ဇူလိုင် ၂၁ ရက်နေ့တွင်  စစ်ကောင်စီတပ်က လေယာဉ်ဖြင့် ရေတပ်အနီးရှိ ကျွဲသောက်ရွာကို ဗုံးလာကြဲခြင်း ဖြစ်သည်ဟု သံတွဲဒေသခံများက ပြောသည်။

“ကျွဲသောက်က ရေလမ်းခရီးကသွားရင် ကွင်းဝိုင်းရေတပ်နဲ့ ပိုနီးတယ်။ မနေ့က စစ်တပ်က အကြီးအကျယ် ဗုံးကြဲတယ်။ ရေကြောင်းကလည်း နေဗီတွေက လက်နက်ကြီးတွေနဲ့ပစ်တာ အကြီးအကျယ်ပဲ၊။ ကျွဲသောက်ဘက်ကို ကုန်းလမ်းကလည်း စစ်သားတွေ တက်သွားတာတွေ့တယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

ကျွဲသောက်ကျေးရွာသည် ကွင်းဝိုင်းရေတပ်နှင့် ရေလမ်းခရီးမှ မိနစ် ၂၀ ခန့် သွားလာပါက ရောက်ရှိနိုင်ကြောင်းနှင့် ရွာသားများ ထိခိုက်မှုရှိမရှိကို ဖုန်းလိုင်းများ ပြတ်တောက်နေသောကြောင့် မသိရှိရသေးကြောင်း ဒေသခံတစ်ဦးက ပြောဆိုသည်။

အလားတူ သံတွဲမြို့တောင်ဘက်ပိုင်း ဇလွန် – သပြုချိုင်လမ်းပိုင်းရှိ ဆင်ဒင်လေးကျေးရွာနှင့် ကျီးကန်းရဲ လမ်းဆုံတို့တွင်လည်း ဇူလိုင်လ ၂၁ ရက်နေ့က ပစ်ခတ်မှုတချို့ ရှိခဲ့ပြီး ကျွဲသောက်ကျေးရွာနှင့်နီးသည့် ဆင်ဒင်ကလေး၊ သာယာကုန်း၊ အုံးပင်ဝကျေးရွာ၊ ဆင်ဒင်ကြီးကျေးရွာတို့တွင် အာရက္ခတပ်တော်နှင့် စစ်ကောင်စီတပ်တို့ စစ်ရေးတင်းမာနေကြောင်း သိရသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၂၀ ရက်နေ့က ကွင်းဝိုင်းရေတပ်စခန်းထဲကို အာရက္ခတပ်တော် (AA) က ပစ်ခတ်လိုက် သည့် ရှော့တိုက်ဒုံး ၂ လုံး ကျရောက်ပေါက်ကွဲခဲ့ပြီး စစ်ကောင်စီတပ်သား ၂ ဦး သေဆုံးခဲ့ကြောင်း ရေတပ်နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

“ရှော့တိုက်ဒုံးနဲ့ ပစ်တယ်။ ၂ လုံးက ထမင်းစားဆောင်နဲ့ လူပျိုဆောင်ကို ကျရောက်ပေါက်ကွဲတာ၊ စစ်သား ၂ ယောက် သေတယ်၊ ရဲဘော်တွေပဲ။ နောက် ဗိုလ်မှူး ပီအေတစ်ယောက် လက်ထိတယ်လို့ သိရပါတယ်။ ရေကြောင်းကပဲ ဒဏ်ရာရသူတွေကို ရန်ကုန်ကို ယူသွားပါပြီ” ဟု ၎င်းက ပြောဆိုသည်။

သံတွဲမြို့နယ်တွင် နောက်ဆုံးလက်ကျန် အခြေစိုက်စခန်း ကွင်းဝိုင်းရေတပ်ကို ခံစစ်အတွက် စစ်ကောင်စီက ပြင်ဆင်မှုများ ပြုလုပ်နေပြီး ရေတပ်အဝင် ကားလမ်းပေါ်ရှိ တံတားများကိုလည်း စစ်ကောင်စီက ဖျက်ဆီး ပစ်လိုက်ပြီဟု သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

အဆိုပါသတင်းရင်းမြစ်က “ အရင် နှစ်ရက်လောက်က ကွင်းဝိုင်းရေတပ်ကို သွားရာလမ်းတလျှောက် တံတားတွေကို စကစက ချိုးဖျက်ပစ်ပါတယ်။ အခု မနက်က သတင်းက ဆင်ဒင်ကြီး၊ ဆင်ဒင်လေး၊ ကျီးကန်းရဲ ရွာနားမှာ တိုက်ပွဲဖြစ်နေတယ်။ လေယာဉ်နဲ့ ဗုံးကြဲနေတယ်လို့ သတင်းရပါတယ်” ဟု ပြောပါသည်။

ရေတပ်ရှေ့လမ်းအား ဒေသခံပြည်သူများကို ဖြတ်သန်းသွားလာကိုခွင့် မပြုတော့သဖြင့် မောင်ရွှေလေးနှင့် ကျောက္ကလပ် ကျေးရွာများမှ ဒေသခံများသည်လည်း ရွာထဲတွင်ပိတ်မိနေကြကြောင်း သိရှိရသည်။

နိရဉ္စရာ ပေးပို့သည်။