သံတွဲတိုက်ပွဲကာလ အရပ်သား ၄၀ ကျော် အဆက်အသွယ်မရဘဲ ပျောက်ဆုံးနေ

By MPM 18 ဇူလိုင်, 2024 👁

ရခိုင်ပြည်၊ သံတွဲမြို့နယ်တွင် တိုက်ပွဲကာလ မိသားစုနှင့်အဆက်အသွယ်မရဘဲ ပျောက်ဆုံးနေသည့် အရပ်သား ၄၅ ဦးအထိရှိကြောင်း ဒေသအခြေစိုက် Lay Waddy FM ၏ “စစ်ပွဲအတွင်းမှာ ပျောက်ဆုံးသူများ ကူရှာပေးရေး အစီအစဉ်” တွင် ဖော်ပြချက်အရ သိရသည်။

သံတွဲမြို့နယ်၊ ငပလီမြို့အနီးတွင် ဇွန်လဆန်းကစ၍ နှစ်ဖက်တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီ၏ လေကြောင်း၊ ရေကြောင်း၊ လက်နက်ကြီးအန္တရာယ်ကြောင့် ဒေသခံအများစုမှာ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြသည်။

တချို့မှာ အိမ်စောင့်အဖြစ် ကျန်ရှိခဲ့ကြပြီး မိသားစုဝင်များနှင့် ယနေ့တိုင် အဆက်သွယ်ပြတ်တောက်နေကြသည်။

မိသားစုနှင့် အဆက်အသွယ်ပြတ်နေသူများတွင် သံတွဲမြို့နှင့် ငပလီမြို့မှ အများဆုံးပါဝင်ကြပြီး အမျိုးသား ၁၈ ဦး၊ အမျိုးသမီး ၁၇ ဦး၊ ကလေး ၃ ဦးနှင့် နောက်ထပ် ကျား၊မ ခွဲမရသေးသူ ၇ ဦး ရှိကြောင်း သိရသည်။

မိသားစုနှင့်အဆက်သွယ်ပြတ်နေသည့် သံတွဲမြို့ခံ ဦးစောရွှေမောင်၏ သမီးဖြစ်သူက “အဖေနဲ့ အစ်ကိုကို ဆက်သွယ်လို့ မရတာ တစ်ပတ်လောက်ရှိပြီ။ သံတွဲမှာ ဖုန်းလိုင်းလည်း ပြတ်တောက်သွားတော့ ဘယ်ကို ရောက်နေမှန်းလည်း မသိရဘူး။ မြို့ကနေထွက်ဖို့ ကားစီစဉ်နေတာလောက်ပဲ နောက်ဆုံးသိထားရတာ။ ဘေးလွတ်ရာကို ရွှေ့ပြောင်းထားတာပဲဖြစ်ဖြစ်၊ တခြားကို ရောက်နေတာပဲဖြစ်ဖြစ် ဘယ်မှာရှိနေလဲဆိုတာသိရရင် တချက်လောက် ကူညီပေးစေချင်တယ်” ဟု ပြောသည်။

သံတွဲမြို့ နန်းတော်တောင်ပေါ်ရှိ ဆက်သွယ်ရေးတာဝါတိုင်ကို စစ်ကောင်စီက လေကြောင်းပစ်ခတ်ခဲ့၍ ဇူလိုင် ၁၃ ရက်မှ စ၍ မြို့နှင့်အနီးတဝိုက်တွင် ဖုန်းလိုင်းပြတ်တောက်လျက် ရှိသည်။

သံတွဲမြို့သိမ်းတိုက်ပွဲအတွင်း ပိတ်မိနေသည့် မြို့ခံ ၄၀၀ ကျော်ကို အာရက္ခတပ်တော် (AA) က ဘေးလွတ်ရာသို့ ရွေ့ပြောင်းထားသည်ဟုလည်း သိရသည်။

သံတွဲမြို့နယ်က လူမှုရေးလှုပ်ရှားသူတစ်ဦးက “မြို့မှာကျန်ခဲ့ကြသူတွေနဲ့ အဆက်အသွယ်ပြတ်တောက်သွားတော့ မိသားစုဝင်တွေက စိုးရိမ်နေကြတာ။ AA ကလည်း ကယ်ထုတ်ထားတာ ရှိတယ်ဆိုတော့ အဆက်အသွယ် ပြတ်နေသူ အများစုက အဲဒီမှာလည်း ရှိနိုင်တယ်” ဟု ပြောသည်။

လက်ရှိတွင် သံတွဲမြို့ကို AA က အပြည့်အဝထိန်းချုပ်ထားပြီး စစ်ကောင်စီက မောင်ရွှေလေးရေတပ်နှင့် ငပလီကမ်းခြေ ဂျိတ္တောရပ်ကွက်တွင် ခံစစ်ပြင်ဆင်ထားသဖြင့် ယင်းနေရာအနီး နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေသည်။

သံတွဲမြို့နယ်အတွင်း တိုက်ပွဲ ဖြစ်ပွားနေသည်မှာ ၃ လ အထိ ကြာမြင့်လာပြီး နေရပ်စွန်ခွာနေရသူ ၅ သောင်းကျော်ခန့်ရှိသည်ဟု သိရသည်။

အောင်ထိန် (DMG) ပေးပို့သည်။