23 ဧပြီ 2025 /

See today's Peace Related News

သတင်းသံတောင်ကြီးမြို့နယ်အတွင်း လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားများ ထိမှန်သေဆုံး

သံတောင်ကြီးမြို့နယ်အတွင်း လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားများ ထိမှန်သေဆုံး

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ သပြေညွှန့်ကျေးရွာနှင့် အနီးဝန်းကျင်ကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဆက်တိုက်ဗုံးကြဲနေပြီး အရပ်သားထိမှန်သေဆုံးမှုများလည်း ရှိနေသည်ဟု ဒေသခံများက ပြောသည်။

သပြေညွှန့်ကျေးရွာရှိ စစ်ကောင်စီ၏တပ်စခန်းကို တော်လှန်ရေးအင်အားစု ပူးပေါင်းတပ်များက တိုက်ခိုက်သိမ်းပိုက်ပြီးနောက် လေကြောင်းကနေ ဆက်တိုက်ဗုံးကြဲတိုက်ခိုက်နေခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောဆိုသည်။

မြေပြင်သတင်းအရင်းအမြစ်တစ်ဦးက “စခန်းသိမ်းတာ အတည်ပြုလို့ရပြီ။ ပုံတွေလည်း လိုင်းပေါ်မှာ တက်နေပြီလေနော်။ သိမ်းတာက ၈ ရက်နေ့မှာသိမ်းတာ၊ စဖြစ်တာက ၆ ရက်နေ့က စတယ်။ ဒီနေ့အချိန်ထိပဲ ဆက်တိုက် စစ်တပ်က လေကြောင်းကနေဗုံးကြဲနေတယ်။ ၃ ယောက်လောက် သေတယ်။ ဒဏ်ရာရတာတွေလည်း ရှိတယ်နော်” ဟု ပြောသည်။

ဆက်လက်ပြီး ၎င်းက “အခုတော့ ရွာသားတွေကတော့ မရှိတော့ဘူး။ သပြေညွှန့်တို့ ဒီ ရွှေပြည်သာ မကျည်းတောတို့၊ ကျောက်ကြီးပေါက်တို့ကို ဆက်တိုက် လေကြောင်းကနေ ဗုံးကြဲနေတာပါ” ဟု ဆက်ပြောသည်။

သံတောင်ကြီးမြို့နယ်အတွင်းက ခလရ ၇၃ မှ စစ်ကောင်စီတပ်သားများ အထိုင်ချနေထိုင်သည့် စစ်ကောင်စီ လက်အောက်ခံ သပြေညွှန့်တပ်စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နှင့် ပူးပေါင်းတပ်ဖွဲ့တွေက ၃ ရက်အကြာတွင် သိမ်းပိုက်လိုက်ခြင်း ဖြစ်သည်။

သပြေညွှန့်တပ်စခန်းကို (KNLA) နှင့် ပူးပေါင်း စစ်ကြောင်းက မတ်လ ၆ ရက်နေ့ကစ၍ တိုက်ခိုက်မှုများ စတင်ခဲ့ပြီးနောက် မတ်လ ၈ ရက်နေ့၊ နံနက်ပိုင်းတွင် အပြီးသတ် တိုက်ခိုက်သိမ်းပိုက်ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သပြေညွှန့်ကျေးရွာနှင့် အနီးတဝိုက်ရှိ ကျောက်ကြီးပေါက်၊ ရွှေပြည်သာ မကျည်းတောကျေးရွာတို့ကို စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်နေသောကြောင့် ရွာသားများ ဘေးလွှတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရသည်။

စစ်ကောင်စီ၏ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများကြောင့် ရွှေပြည်သာမကျည်းတောကျေးရွာမှ ရွာသား ၂ ဦး၊ ကျောက်ကြီးပေါက်ကျေးရွာမှ ၁ ဦး သေဆုံးခဲ့ပြီး ၇ ဦး ထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံများက ပြောသည်။

ထို့အပြင် စစ်ကောင်စီက တပ်စခန်းဆုံးရှုံးလိုက်ရပြီးနောက် အဆိုပါစခန်းနှင့် ခုနစ်မိုင်ဝန်းကျင်အကွာတွင် ရှိနေသည့် ဘုမ္မတီးကျေးရွာတပ်စခန်းကို အင်အားဖြည့်တင်းရန် ထပ်မံစစ်ကြောင်းထိုးနေသည်ဟု ပြောဆိုသည်။

သပြေညွှန့်ကျေးရွာ စခန်းသိမ်းတိုက်ပွဲကာလအတွင်း စစ်ကောင်စီတပ်က သပြေညွှန့်ကျေးရွာရှိ နေအိမ်အချို့ကို မီးရှို့ဖျက်ဆီးခဲ့သေးသည်။

အဆိုပါ စခန်းသိမ်းတိုက်ပွဲထဲ စစ်ကောင်စီတပ်သား ၈ ဦးထက်မနည်း သေဆုံးခဲ့ပြီး အယောက် ၂၀ ကျော် ထွက်ပြေးလွတ်မြောက်နေသည်ဟု မြေပြင်သတင်းအရင်းအမြစ်က ပြောဆိုသည်။

ထွက်ပြေးလွတ်မြောက်နေသူများကိုလည်း လိုက်လံရှာဖွေနေပြီး နယ်မြေရှင်းလင်းရေး ဆက်လက်လုပ်ဆောင်နေကြသည်ဟု ဆိုသည်။

KNLA ပူးပေါင်းတပ်ဖွဲ့က အဆိုပါ သပြေညွှန့်တပ်စခန်းကို သိမ်းပိုက်ပြီးနောက် စစ်လက်နက်ပစ္စည်းများနှင့် ခဲယမ်းအချို့ကိုပါ သိမ်းဆည်းနိုင်ခဲ့ပြီး စခန်းကို မီးရှို့ဖျက်ဆီးခဲ့သည်ဟု သိရသည်။

NMG ပေးပို့သည်။