သီပေါလှိုဏ်ဂူထဲ စစ်ရှောင်သူများ စားနပ်ရိက္ခာ အရေးပေါ်လိုအပ်

By MPM 13 စက်တင်ဘာ, 2024 👁

သျှမ်းပြည်မြောက်ပိုင်း၊ သီပေါမြို့နှင့် တစ်မိုင်ခန့်ကွာဝေးသည့် လှိုဏ်ဂူအတွင်း၌ စစ်ဘေးရှောင်နေသည့် ဒေသခံပြည်သူတစ်ထောင်ဝန်းကျင်သည် စားနပ်ရိက္ခာ အရေးပေါ်လိုအပ်နေသည်ဟု စစ်ဘေးရှောင်များက ပြောဆိုသည်။

အဆိုပါ လှိုဏ်ဂူအတွင်း၌ စစ်ဘေးရှောင်နေသူ တစ်ထောင်ဝန်းကျင်ရှိသည့်အတွက် ပရဟိတအဖွဲ့များက လာရောက်လှူဒါန်း ကူညီသော်လည်း လောက်ငှခြင်းမရှိကြောင်းနှင့် နေရပ်ပြန်ပြီး စားနပ်ရိက္ခာယူဆောင်ဖို့ရန် စစ်ကောင်စီလေယာဉ်က နေ့စဉ်ပျံဝဲနေသဖြင့် မယူနိုင်ကြောင်းလည်း စစ်ဘေးရှောင်များက ပြောသည်။

စစ်ဘေးရှောင်နေသည့် အမျိုးသမီးတစ်ဦးက “စစ်ရှောင်တွေ အရမ်းများတော့ စားသောက်ဖို့က မလောက်ကြဘူး။ ပရဟိတအဖွဲ့တွေလည်း သွားရောက်လှူဒါန်းပေးကြတယ် တတ်နိုင်တဲ့ဘက်ကနေ။ စစ်ကောင်စီကလေယာဉ်တွေ နေ့တိုင်းပျံဝဲနေတော့ နေရပ်ကို ဘယ်သူမှ ပြန်မလာရဲကြဘူး” ဟု ပြောသည်။

ထို့အပြင် သီပေါမြို့သည် လက်ရှိအချိန်ထိ ဖုန်းလိုင်း ဖြတ်တောက်ခံနေရသေးပြီး၊ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ဖြစ်သည့် TNLA ထိန်းချုပ်ထားသည့် ဒေသဖြစ်သောကြောင့် စစ်ကောင်စီက အချိန်တိုင်း လေကြောင်းဖြင့် ပြန်လည်တိုက်ခံရမည်ကို စိုးရိမ်နေကြကြောင်း ဒေသခံများက ပြောဆိုသည်။

သီပေါမြို့တွင်း ကျန်ရှိနေသည့် ဒေသခံများသည် နေအိမ်အပြင်မထွက်ရဲကြကြောင်း ပြောဆိုကြသည်။

“အခုဆိုရင် လက်နက်ကိုင်ထိန်းချုပ်တဲ့နေရာတွေကို စစ်ကောင်စီက လေကြောင်းနဲ့ဗုံးကြဲတော့ ကျနော်တို့လည်း စိုးရိမ်နေရတာပေါ့။ ညဆိုရင်လည်း ကောင်းကောင်းမအိပ်ရဘူး” ဟု သီပေါမြို့ခံအမျိုးသားတစ်ဦးက ပြောသည်။

သီပေါမြို့အခြေစိုက် စစ်ကောင်စီခြေလျင်တပ်ရင်း ခလရ- (၂၃)၊ ခြေမြန်တပ်ရင်း ခမရ- (၅၀၃၊ ၅၀၄) တို့ကို TNLA က ဩဂုတ်လ ၁၀ ရက်မှ စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး သီပေါမြို့ပေါ်ကို TNLA က ထိန်းချုပ်ထားနိုင်ခဲ့သည်။

ထို့နောက် စစ်ကောင်စီတပ်နှင့် TNLA ပူးပေါင်းတပ်ဖွဲ့တို့အကြား တိုက်ပွဲပြန်လည်ပြင်းထန်လာခဲ့သည့် တပတ်အတွင်း လက်နက်ကြီးနှင့် လေကြောင်းဗုံးကြဲခံရခြင်းကြောင့် အရပ်သား ၂၀ ဦးကျော် သေဆုံးပြီး မြို့လူဦးရေထက်ဝက်ကျော်မှာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

သျှမ်းသံတော်ဆင့် ပေးပို့သည်။