23 ဧပြီ 2025 /

See today's Peace Related News

သတင်းသာပေါင်းမြို့နယ်ရှိ ကာကင်းစခန်းတစ်ခု AA သိမ်းပိုက်ပြီးနောက် စစ်ကောင်စီတပ်ထိုးစစ်ဆင်လာနေ

သာပေါင်းမြို့နယ်ရှိ ကာကင်းစခန်းတစ်ခု AA သိမ်းပိုက်ပြီးနောက် စစ်ကောင်စီတပ်ထိုးစစ်ဆင်လာနေ


ဧရာဝတီတိုင်း၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်ရှိ စစ်ကောင်စီတပ် ခမရ ၃၀၈ တပ်ရင်း၏ ကာကင်းစခန်းတစ်ခုကို အာရက္ခတပ်တော် (AA) နှင့် မဟာမိတ်ပူးပေါင်းတပ်တို့ သိမ်းပိုက်ပြီးနောက် စစ်ကောင်စီတပ်က ထိုးစစ်ဆင်လာတာကြောင့် တိုက်ပွဲပြင်းထန်နေကြောင်း စစ်ရေးသတင်းရင်းမြစ်များထံမှ သိရသည်။

ပြီးခဲ့သည့် မတ်လ ၇ ရက်၊ နံနက်ပိုင်းမှစတင်ကာ စစ်ကောင်စီတပ်က သာပေါင်းမြို့နယ်ရှိ ဆင်ကနီခုံရွာနှင့် ကွင်းကလေးကျေးရွာတို့ကို ထိုးစစ်ဆင်ဝင်ရောက်လာ၍ နှစ်ဖက်တပ်ကြား တိုက်ပွဲပြင်းထန်ခဲ့ပြီး နေ့စဉ်နီးပါးလည်း တိုက်ပွဲဆက်ပြင်းထန်နေသည်ဟု စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောသည်။

“တိုက်ပွဲက ပြင်းထန်နေပါတယ်။ စစ်ကောင်စီဘက်က မနေ့ကနေ ထိုးစစ်ဆင်ဝင်လာတာ။ ဒီမနက်မှာလည်း တိုက်ပွဲပြင်းထန်ခဲ့တယ်” ဟု ၎င်းက ပြောသည်။

စစ်ကောင်စီတပ် ခမရ ၃၀၈ တပ်ရင်း၏ ကာကင်းစခန်းတစ်ခုကို မတ်လ ၃ ရက်နေ့က AA နှင့် မဟာမိတ် ပူးပေါင်းတပ်တို့က တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက် ဆက်လက်၍ ခမရ ၃၀၈ တပ်ရင်းအား သိမ်းပိုက်နိုင်ရန် တိုက်ခိုက်နေခြင်းဖြစ်သည်ဟု သိရသည်။

စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားနေသည့်နေရာသို့ သာပေါင်းမြို့မှနေ စစ်ကားများဖြင့် စစ်အင်အား ဖြည့်တင်းပို့ဆောင်ခြင်း၊ စက်တပ်လေထီးများဖြင့်ပါ ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်နေသည်ဟုလည်း စစ်ရေးသတင်းရင်းမြစ်တို့ထံမှ သိရသည်။

သာပေါင်းမြို့နယ်တွင် ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၅ ရက်နေ့က သာပေါင်းမြို့နယ်၊ သဲဖြူအရှေ့ရွာအနီးရှိ ကင်းပွန်းချဉ်တောင်အနီးကို စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်ဖွဲ့ဝင်များအား AA နှင့် မဟာမိတ် ပူးပေါင်းတပ်တို့ တိုက်ခိုက်ခဲ့ရာမှစတင်ကာ တိုက်ပွဲပြန်လည်စတင်ခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

ထို့အပြင် AA နှင့် မဟာမိတ်ပူးပေါင်းတပ်တို့က ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၇ ရက်နေ့က သာပေါင်းမြို့နယ်ရှိ ကင်ပွန်းချဉ်တောင်ကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ကြောင်းလည်း သိရသည်။

နိရဉ္စရာ ပေးပို့သည်။