သရက်ချောင်းမြို့နယ် ရငဲရွာတွင် နေအိမ် ၄ လုံး မီးရှို့ခံရ

By MPM 17 အောက်တိုဘာ, 2023 👁

တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်၊ ရငဲရွာတွင် အောက်တိုဘာလ ၁၇ ရက်နေ့ နံနက်ပိုင်းက စစ်ကောင်စီစစ်ကြောင်းမှ ဒေသခံနေအိမ် ၄ လုံးကို မီးရှို့ခဲ့ကြောင်း ဒေသခံတို့ထံမှ သိရသည်။

စစ်ကောင်စီစစ်ကြောင်းသည် အောက်တိုဘာလ ၁၇ ရက် နံနက် ၇ နာရီခွဲခန့်က ရငဲရွာထဲဝင်လာချိန် ပြည်သူ့ ကာကွယ်ရေးတပ်နှင့် နာရီဝက်ခန့်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး နံနက် ၈ နာရီခန့်တွင် ရွာထဲရှိနေအိမ်များကို စတင် မီးရှို့ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။

“သေနတ်သံတွေ ဆက်တိုက်ပဲ ကြားရတယ်။ လက်နက်ကြီးသံလိုမျိုး ပေါက်ကွဲသံကြီးတွေလည်း ဆယ်ကျော်တယ်ရှင်” ဟု အနီးအနားရွာမှ ဒေသခံတစ်ဦးက ပြောသည်။

ယင်းအပြင် နေ့လည် ၁၁ နာရီခွဲ ဝန်းကျင်တွင် ရငဲရွာနှင့် အနီးရှိ ဝဲရစ်ရွာဘက်တွင်လည်း လက်နက်ကြီး၊ လက်နက်ငယ် ပစ်ခတ်သံများ ထပ်ကြားရကြောင်းလည်း ၎င်းက ဆက်ပြောဆိုသည်။

စစ်ကောင်စီစစ်ကြောင်းထိုး ဝင်ရောက်လာပြီး နှစ်ဖက်တပ်ကြား တိုက်ပွဲကြောင့် ရငဲရွာတွင် ရွာလုံးကျွတ် ထွက်ပြေး တိမ်းရှောင်နေကြရကြောင်း ဒေသခံတို့ထံမှ သိရသည်။

ရငဲရွာ အနီးနားရှိ ဝဲရစ်၊ ကမြိုင်၊ ကျောက်ခမောက်ရွာမှ ဒေသခံများလည်း စစ်ကောင်စီတပ် စစ်ကြောင်းထိုး ဝင်ရောက်လာတာကြောင့် နီးစပ်ရာ ထွက်ပြေးတိမ်းရှောင် နေကြရသည်။

ရငဲရွာတွင် ယခုတစ်ကြိမ်အပါအဝင် နေအိမ် မီးရှို့ခံရသည့်ဖြစ်စဉ် ၅ ကြိမ်ရှိပြီ ဖြစ်ကြောင်းနှင့် မီးရှို့ခံရမှုကြောင့် ရငဲရွာတွင် နေအိမ် ၁၂ လုံးထက်မနည်း မီးလောင်ပျက်စီးခဲ့သည်ဟု ဒေသခံများက ပြောသည်။

IMNA ပေးပို့သည်။