သရက်ချောင်းမြို့နယ်အတွင်း ဒေသခံ ၁၀၀ ကျော်ကို စစ်ကောင်စီတပ်က အကြောင်းမဲ့ဖမ်းဆီး

0
386

တနင်္သာရီတိုင်း သရက်ချောင်းမြို့နယ်၊ ရငဲရွာနဲ့ဝဲရစ်ကျေးရွာနေ ဒေသခံ ၁၀၀ ကျော်ကို စစ်ကောင်စီတပ်က အကြောင်းမဲ့ လာရောက်ဖမ်းဆီးခဲ့ကြောင်း ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါသည်။

တပ်အင်အား ၁၀၀ ကျော်ပါသော စစ်ကောင်စီ စစ်ကြောင်းဟာ ဧပြီ ၂၃ ရက်နေ့ နံနက်ပိုင်းက ရငဲကျေးရွာအတွင်း ဝင်ရောက်လာပြီးနောက် ဒေသခံ ၈၀ ကျော်ကို နေအိမ်များမှာ ဝင်ရောက်ဖမ်းဆီးသွားပြီး ဒေသခံ ၃၀ ကျော်ကိုတော့ ညနေပိုင်းတွင် ပြန်လွှတ်ပေးခဲ့ပါသည်။

ဧပြီ ၂၄ ရက်နေ့မှာလည်း စစ်ကောင်စီတပ်ဟာ ဝဲရစ်ကျေးရွာအတွင်း ထပ်မံဝင်ရောက်လာပြီး ဒေသခံ ၃၀ ကျော်ကို ဖမ်းဆီးကာ ဝဲရစ်ကျေးရွာဘုန်းကြီးကျောင်းမှာ ထိန်းသိမ်းထားကြောင်း သိရသည်။

ဒေသခံတွေအဆိုအရ စစ်ကောင်စီတပ်ဟာ ပြည်သူ့စစ်အဖွဲ့တွေ ရှင်းလင်းခံရသည့် ဖြစ်စဉ်နှင့်ပတ်သက်ပြီး ကျေးရွာဒေသခံများဟာ ပြည်သူ့ကာကွယ်ရေးတပ်နှင့် ဆက်စပ်မှုရှိသည်ဆိုသော အကြောင်းပြချက်နှင့် လိုက်လံ ဖမ်းဆီးနေခြင်းဖြစ်ကြောင်း သိရပါသည်။

ဖမ်းဆီးထားသော ဒေသခံတွေကို ပြန်လွှတ်စေချင်ပါက ပိုက်ဆံနှင့်လာပြန်ရွေးဖို့အတွက် စစ်ကောင်စီဘက်က သတင်းလွှင့်ထားကြောင်း သရက်ချောင်း ဒေသခံတစ်ဦးကပြောသည်။

စစ်ကောင်စီတပ်က ဒေသခံတွေကို အင်အားအလုံးအရင်းနှင့် လိုက်လံဖမ်းဆီးနေခြင်းကြောင့် ရငဲရွာနှင့် ဝဲရစ်ကျေးရွာက ဒေသခံအများစုဟာ ထွက်ပြေးတိမ်းရှောင်မှုတွေ လုပ်ဆောင်နေရပါသည်။

စစ်ကောင်စီတပ်ဟာ ပြီးခဲ့သည့် ဖေဖော်ဝါရီ ၇ ရက်နေ့ကလည်း ရငဲကျေးရွာအတွင်း စစ်ကြောင်းထိုးလာပြီးနောက် ဒေသခံရွာသာ ၂ ဦးကို ဖမ်းဆီးသတ်ဖြတ်သွားခဲ့ကြောင်း ဒေသခံတွေထံမှ သိရပါသည်။

သံလွင်တိုင်းမ် – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here