သရက်ချောင်းတိုက်ပွဲတွင် PDF ရဲဘော် ၃ ဦး ကျဆုံး

By MPM 24 ဖေ‌ဖော်ဝါရီ, 2025 👁 5

တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ် ဥတ္တူကျေးရွာအနီး စစ်ကောင်စီတပ်နှင့် ဖြစ်ပွားခဲ့သည့် နှစ်ဖက်တိုက်ပွဲအတွင်း ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့ဘက်မှ တော်လှန်ရေးရဲဘော် ၃ ဦး ကျဆုံးခဲ့ကြောင်း ဒေါင်းညီနောင် စစ်ကြောင်းထံက သိရသည်။

ပြီးခဲ့သည့် ရက်ပိုင်းကစပြီး အင်အား ၈၀ ဝန်းကျင်နှင့် သရက်ချောင်းမြို့နယ် ဥတ္တူကျေးရွာဘက်ကို စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်များကြား ဥတ္တူကျေးရွာနှင့် မဲနယ်အိုးကျေးရွာအနီး၌ နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

တော်လှန်ရေးအင်အားစုတို့၏ ပြောပြချက်အရ စစ်ကောင်စီတပ်က ရွှေဂူတံတားဂိတ် စစ်ဆေးရေးဂိတ် တိုက်ခိုက်သိမ်းပိုက်ခံရပြီးနောက်ပိုင်း သရက်ချောင်းမြို့နယ် အပေါ်ပိုင်းက ကျေးရွာများကို စစ်ကြောင်းထိုး လှုပ်ရှားနေခြင်းဖြစ်သည်ဟု ဆိုသည်။

ဖေဖော်ဝါရီ ၂၁ ရက်နေ့ ညနေ ၃ နာရီခန့်က ဥတ္တူကျေးရွာအနီး ဖြစ်ပွားခဲ့သည့် နှစ်ဖက်တိုက်ပွဲအတွင်း သရက်ချောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးပြောက်ကျားတပ်ဖွဲ့မှ ရဲဘော်ဥတ္တူနှင့် ရဲဘော်ဝက်ငယ်၊ ထားဝယ် နဂါးတပ်ခွဲ ၂ မှ ရဲဘော်ဝတုတ်တို့ ၃ ဦး ကျဆုံးခဲ့သည်ဟု ဒေါင်းညီနောင်စစ်ကြောင်း ပြန်ကြားရေးတာဝန်ခံက ပြောဆိုသည်။

တဖက်တွင်လည်း စစ်ကောင်စီတပ်နှင့် လေးရက်ဆက် ဖြစ်ပွားခဲ့သည့် တိုက်ပွဲတွင် ပြည်သူ့ကာကွယ်ရေးပူပေါင်းတပ်ဘက်မှ ရဲဘော်များ ထိခိုက်ကျဆုံးမှုရှိခဲ့ပြီး စစ်ကောင်စီတပ်၏ ထိခိုက်သေဆုံးမှု အခြေအနေကို အတည်မပြုနိုင်သေးပေ။

လက်ရှိ၌ စစ်ကောင်စီတပ်သည် ဥတ္တူကျေးရွာအနီးတဝိုက်တွင် စစ်ကြောင်းထိုး သွားလာလှုပ်ရှားနေတာကြောင့် ဥတ္တူ၊ ပန်းပြင်၊ မဲနယ်အိုး စသည့် ကျေးရွာငါးရွာက ဒေသခံများ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၈ ရက်နေ့နှင့် ၉ ရက်နေ့ကလည်း သရက်ချောင်းမြို့နယ် ဥတ္တူကျေးရွာထဲကို စစ်ကြောင်းထိုး ဝင်ရောက်လာသော စစ်ကောင်စီတပ်က ကျေးရွာအတွင်းရှိ နေအိမ် ၆ လုံးကို မီးရှို့ဖျက်ဆီး ခဲ့သည်ဟု ဒေသခံတို့ထံက သိရသည်။

သံလွင်တိုင်းမ် ပေးပို့သည်။