လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် အကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်လာသည့် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ကို အာဏာသိမ်းစစ်အုပ်စုက ဧပြီလ ၁၈ ရက်ကစ၍ လုံခြုံရေးတင်းကျပ်စွာဖြင့် စောင့်ကြည့်နေကြောင်း မဇ္ဈိမက စုံစမ်းသိရှိရသည်။
ထို့ကြောင့် လက်ရှိတွင် သမ္မတဦးဝင်းမြင့်သည် နေပြည်တော်ရှိ နေအိမ်၌ နေအိမ်အကျယ်ချုပ်ပုံစံဖြင့် တင်းကျပ်စွာ စောင့်ကြည့်ခံနေရပြီး ၎င်းအား လာရောက်တွေ့ဆုံသူများကိုလည်း စစ်အုပ်စု ထောက်လှမ်းရေးက စစ်ဆေးမေးမြန်းမှုများ ပြုလုပ်နေကြောင်း သတင်းရင်းမြစ်က ဆိုသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဗဟိုအလုပ်အမှုဆောင်နှင့် ပါတီပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်သည်လည်း ပြီးခဲ့သည့် ဧပြီလ ၁၈ ရက်နေ့ ညသန်းခေါင်ကျော်အချိန်တွင် ခေါ်ယူစစ်ဆေးခံခဲ့ရကြောင်း သိရသည်။
“တနာရီ (၁၉ ရက်နေ့ မနက် ၁ နာရီ) ကတည်းက ခေါ်သွားတာ။ ဧပြီ ၁၉ ရက် ၁၁ နာရီ (မနက်ပိုင်း) မှ သူအိမ်ပြန်ရောက်တယ်” ဟု အမည်မဖော်လိုသည့် မဇ္ဈိမ၏ သတင်းရင်းမြစ်က ဧပြီလ ၁၉ ရက် နေ့ခင်း ၁၂ နာရီအချိန်ခန့်က မဇ္ဈိမကို ပြောသည်။ ဒေါက်တာမျိုးညွန့်အား လက်ရှိတွင် မဇ္ဈိမက ဆက်သွယ်၍ မရသေးပါ။
ဒေါက်တာမျိုးညွန့်သည် သမ္မတဦးဝင်းမြင့်ထံ သွားရောက်ဂါရဝပြုခဲ့သည့်အပြင်၊ ၎င်းလွတ်မြောက်လာမှုအပေါ် သတင်းမီဒီယာများသို့ အင်တာဗျူးဖြေဆိုရာတွင် Òသမ္မတကြီးÓ ဟု သုံးနှုန်းခဲ့ခြင်းများကြောင့် ယခုကဲ့သို့ ခေါ်ယူမေးမြန်းခံရခြင်းဖြစ်နိုင်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အသိုင်းအဝိုင်းက သုံးသပ်ကြသည်။
“ကျန်တဲ့သူတွေကို စစ်ထောက်လှမ်းရေးက လိုက်မေးတယ်။ အိမ်ကိုလာကြတယ်။ သမ္မတကြီးဆီသွားတာ ဟုတ်သလားလို့ လာမေးတယ်။ ဟုတ်တယ် သွားတယ်ပြောလိုက်တယ်။ ဒါပေမဲ့ ထပ်မလာကြဘူး” ဟု မဇ္ဈိမ၏ နောက်ထပ် သတင်းရင်းမြစ်တဦးက ဧပြီ ၁၉ ရက် ညနေပိုင်းက ဆိုသည်။
ဧပြီလ ၁၇ ရက်နေ့က လွတ်ငြိမ်းဖြင့် ပါလာပြီးနောက် သမ္မတဦးဝင်းမြင့်သည် နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်ရှိ မိသားစုငှားရမ်းထားသော နေအိမ်တွင် နေထိုင်လျက်ရှိကြောင်း ထိုသတင်းရင်းမြစ်က ဆိုသည်။
၂၀၂၆ သမ္မတ မင်းအောင်လှိုင်က အကျဉ်းသား ၄,၃၃၅ ဦးကို လွတ်ငြိမ်းပေးခဲ့သော်လည်း လက်တွေ့တွင် ၁,၆၈၆ ဦးသာ လွတ်မြောက်လာကြောင်း PPNM က ဧပြီလ ၁၈ ရက်က နောက်ဆုံးကောက်ယူထားသည့် စာရင်းများအရ သိရသည်။
ထိုလွတ်မြောက်လာသူများတွင် နိုင်ငံရေးအကျဉ်းသူ၊ အကျဉ်းသား ၂၉၂ ဦးသာ ပါဝင်ကြောင်း နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က ဆိုသည်။
အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) က မတရားဖမ်းဆီးချုပ်နှောင်မှုမှ ပြန်လည်လွတ်မြောက်လာသည့် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ကို ဧပြီလ ၁၇ ရက်စွဲဖြင့် ကြိုဆိုနှုတ်ခွန်းဆက် သဝဏ်လွှာပေးပို့ခဲ့ပြီး အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကလည်း သမ္မတဦးဝင်းမြင့်အနေဖြင့် ပြည်တွင်းပြည်ပတော်လှန်ရေးဖိအားများကြောင့် ယခုကဲ့သို့ မိသားစုနှင့် ပြန်လည်ဆုံဆည်းနိုင်ခဲ့ခြင်းသည် ပြည်သူလူထု၏ တော်လှန်ရေးအောင်ပွဲ အစိတ်အပိုင်းတရပ်အဖြစ် အခိုင်အမာ ယုံကြည်ရှုမြင်သည်ဟုလည်း ဧပြီလ ၁၈ ရက်က ထုတ်ပြန်ထားသည်။
ထို့အပြင် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် မိသားစုနှင့် ပြန်လည်ဆုံစည်းခွင့် ရရှိခဲ့သည့်အပေါ် ပြည်သူနှင့်အတူ ဝမ်းမြောက်ဝမ်းသာဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) က ဧပြီလ ၂၀ ရက်တွင် သတင်းထုတ်ပြန်ထားသည်။
မဇ္ဈိမ