သထုံမြို့နယ် သိမ်ဆိပ်နယ်မြေရဲစခန်းအား KNLA တပ်ခွဲ ၃ နှင့် HRS ပူးပေါင်းအဖွဲ့ ဝင်ရောက်တိုက်ခိုက်

0
373

မွန်ပြည်နယ်၊ သထုံမြို့နယ် သိမ်ဆိပ်နယ်မြေရဲစခန်း ဧပြီလ ၁၇ ရက်နေ့ နံနက် ၁၀ နာရီ မိနစ် ၂၀ အချိန်ခန့်က ပစ်ခတ်တိုက်ခိုက်ခံရကြောင်း ဒေသခံများထံမှ သိရသည်။

သိမ်ဆိပ်နယ်မြေရဲစခန်းကို လက်နက်ကိုင်လူတစ်စုက ကားတစ်စီးဖြင့် ရောက်ရှိလာပြီး ရဲစခန်းအတွင်းသို့ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့‌ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“ ကားနဲ့ရောက်လာတဲ့ လက်နက်ကိုင်တွေက ရဲစခန်းထဲကို လက်နက်ကြီးနဲ့ အရင်ပစ်ပြီးတော့ လက်နက်ငယ်တွေနဲ့ ပစ်သွားတာ” ပြောသည်။

ရဲစခန်း တိုက်ခိုက်ခံရပြီးနောက် နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှု ၅ မိနစ်ခန့်ဖြစ်ပွားခဲ့ပြီးနောက် လက်နက်ကိုင်များက ၎င်းတို့စီးနင်းလာသည့်ကားဖြင့် ပြန်လည်ထွက်ခွာသွားကြောင်း ၎င်းဒေသခံက ဆိုသည်။

သိမ်ဆိပ်နယ်မြေရဲစခန်းကို သထုံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်ခွဲ ၃ နှင့် HRS ပူးပေါင်းအဖွဲ့တို့က ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း သထုံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

ရဲစခန်းတိုက်ခိုက်မှုအတွင်း စခန်းမှူး ပြင်းထန်ဒဏ်ရာရရှိပြီး ၃ ဦး သေဆုံးသွားခဲ့ကြောင်း သထုံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ထားပြီး အဆိုပါထုတ်ပြန်ချက်အပေါ် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါ။

သိမ်ဆိပ်နယ်မြေရဲစခန်းကို တိုက်ခိုက်သည်နှင့် တစ်ပြိုင်နက်တည်း ခမရ ၉ တပ်ရင်းကိုလည်း တိုက်ခိုက်ခဲ့ကြောင်း သထုံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

သိမ်ဆိပ်နယ်မြေရဲစခန်းနှင့် ခမရ ၉ တပ်ရင်းတို့ကို ဒရုန်၊ ၄၀ မမ၊ လက်နက်ငယ်များဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့သည်ဟုလည်း ဆိုသည်။

IMNA – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here