သင်္ဃန်းညီနောင်ဗျူဟာကို ပြန်ထိန်းချုပ်ပြီးနောက် မြဝတီမြို့တွင် ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် အာဏာသိမ်းစစ်အုပ်စုက စီစဉ်နေပြီဖြစ်ကြောင်း လွတ်လပ်သော မွန်သတင်းအေဂျင်စီမှ စုံစမ်းသိရှိရသည်။
မြဝတီမြို့တွင် ကျင်းပမည့်ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် အာဏာသိမ်းစစ်အုပ်စုနှင့် ၎င်းတို့၏လက်အောက်ခံ ကရင်နယ်ခြားစောင့်တပ် BGF/KNA အပါအဝင် လက်နက်ကိုင်အဖွဲ့တချို့နှင့် ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။
ဆွေးနွေးမှုအတွင်း KNU အပါအဝင် တော်လှန်ရေးအင်အားစုများ ရွေးကောက်ပွဲကို ဟန့်တားနှောင့်ယှက်ခြင်း မရှိစေရေးနှင့် ရွေးကောက်ပွဲတွင် ပါဝင်ကူညီဆောင်ရွက်ကြမည့် ဝန်ထမ်းများ၊ ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့များ၊ စေတနာ့ဝန်ထမ်းများနှင့် နိုင်ငံရေးပါတီဝင်များ၏ လုံခြုံရေးဆိုင်ရာကိစ္စများကို အဓိက ဆွေးနွေးခဲ့သည်ဟု ကရင်နယ်ခြားစောင့်တပ် BGF နှင့် နီးစပ်သည့် သတင်းအရင်းအမြစ်တဦးက ပြောသည်။
“သူတို့ ပြောဆိုဆွေးနွေးမှုက သင်္ဃန်းညီနောင် မကျခင်ကတည်းကပဲ၊ ဒါပေမယ့် အခု ဒီရွေးကောက်ပွဲနဲ့ပတ်သက်ပြီး လုံခြုံရေးတာဝန်ခွဲပေးဖို့ကိစ္စတွေ စတင်တိုင်ပင်နေပြီးလို့ သိရတယ်” ဟု ၎င်းက ပြောသည်။
ထို့အပြင် မဲရုံးဧရိယာပရဝန်းအတွင်း ဒရုန်းများဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်း မခံရအောင် Jummer စက်များ လိုအပ်သလောက် တပ်စင်ထားဖို့ ကိစ္စရပ်များလည်း ပြောဆိုဆွေးနွေးခဲ့ကြကြောင်း ၎င်းက ဆက်ပြောသည်။
မြဝတီမြို့စောင့်တပ်ဟု လူသိများသည့် သင်္ဃန်းညီနောင်ခြေမြန်တပ်ရင်းအပါအဝင် ကော့ကရိတ်-မြဝတီ-အာရှ လမ်းပိုင်းကို ပြီးခဲ့သည့် စက်တင်ဘာလ ၆ ရက်နေ့တွင် ကရင်နယ်ခြားစောင့်တပ် BGF/KNA အကူအညီများဖြင့် စစ်အုပ်စုက ပြန်လည်ထိန်းချုပ်နိုင်ခဲ့သည်။
ကရင်တော်လှန်ရေးပူးပေါင်းတပ်များ တနှစ်ကျော်ကြာ ထိန်းချုပ်ထားသည့် သင်္ဃန်းညီနောင်ဗျူဟာ လက်မလွှတ်ခင် ရက်ပိုင်းအကြာ စက်တင်ဘာလ ၃ ရက်နေ့တွင် ကရင်နယ်ခြားစောင့်တပ် BGF/KNA သည် စစ်အုပ်စုကျင်းပမည့် ရွေးကောက်ပွဲကို ကူညီမည်ဟု သတင်းထုတ်ပြန်ခဲ့သည်။
အလားတူ စစ်တပ်နှင့် အပစ်ရပ် (NCA) လက်မှတ်ရေးထိုးထားသည့် ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA) ကလည်း စစ်အုပ်စုကျင်းပမည့် ရွေးကောက်ပွဲကို ဝိုင်းဝန်းပံ့ပိုးသွားမည်ဖြစ်ကြောင်း စက်တင်ဘာလ ၆ ရက်က အခမ်းအနားတခုတွင် သတင်းမီဒီယာများကို ထုတ်ပြောလာသည်။
“အစောပိုင်းကာလမှာ တော်လှန်ရေးဘက်ပါနေသလိုလိုနဲ့ ရှိခဲ့တာ၊ အခုတော့ သူတို့အကျိုးစီးပွားကို ထိခိုက်လာတဲ့အခါကျတော့ အရှက်သိက္ခာမရှိပဲ၊ လူထုမျက်နှာမပြောနဲ့ ဘယ်သူ့မျက်နှာမှ မကြည့်ဘူးလေ၊ သူတို့ကို ဘာမှ မျှော်လင့်စရာအကြောင်းမရှိဘူး” ဟု ကရင်နိုင်ငံရေးလေ့လာနေသူတဦးက မှတ်ချက်ပြုသည်။
ယခုလိုအခြေအနေမျိုးတွင် KNU အနေဖြင့် ပြတ်ပြတ်သားသား စဉ်းစားဆုံးဖြတ်ဖို့ အချိန်တန်ပြီးဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။
စစ်အာဏာသိမ်းမှုကို လက်မခံဘဲ ပြည်သူလူထုနှင့်အတူ ရပ်တည်ပြီး နွေဦးတော်လှန်ရေးတွင် ပါဝင်သည့် လူငယ်များကို စစ်သင်တန်းပို့ချပေးခဲ့သည့် အစောဆုံးတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တခုဖြစ်သည့် ကရင်အမျိုးသားအစည်းအရုံး (KNU) က စစ်အုပ်စုကျင်းပမည့်ရွေးကောက်ပွဲကို လက်ခံအသိအမှတ်ပြုမည်မဟုတ်ကြောင်း အတိအလင်း ထုတ်ပြောထားသည်။
ထို့အပြင် စစ်အုပ်စုရွေးကောက်ပွဲတွင် ပါဝင်ကူညီကြသူများကိုလည်း အရေးယူမည်ဟု ပြောဆိုထားသည်။
ယခုလို စစ်အုပ်စုက BGF/KNA ၊ DKBA အကူအညီများဖြင့် မြဝတီမြို့တွင် ရွေးကောက်ပွဲကူညီမည့်အပေါ် (KNU) ၏ သဘောထားကို ဆက်သွယ်မေးမြန်းခဲ့သော်လည်း လက်ခံဖြေကြားပေးခြင်း မရှိသေးပေ။
“စိတ်ဆန္ဒအရဆိုရင် ဘယ်ကောင်ပဲ လုပ်နေလုပ်နေ တားဆီးရမှာပဲ၊ အခုအခြေအနေကျတော့ ကျွန်တော်တို့ နယ်မြေမဟုတ်တော့ လုပ်ချင်သလို လုပ်လို့မရဘူး၊ အားရလားဆိုတော့ ဘယ်လို အားရမှာလဲဗျာ” ဟု ကေအဲန်ယူလက်အောက် လှုပ်ရှားနေသည့် အမည်မဖော်လိုသည့် တော်လှန်ရေးတပ်ဖွဲ့ ခေါင်းဆောင်တဦးက သူ့အမြင်ကို ပြောသည်။
လက်ရှိ စစ်အုပ်စုက ကရင်အမျိုးသားအစည်းအရုံး (KNU) ကို အကြမ်းဖက်အုပ်စုအဖြစ် ဩဂုတ်လ ၂၈ ရက်နေ့ တွင် ကြေညာထားသည်။
စစ်ကော်မရှင်၏ရွေးကောက်ပွဲကော်မရှင်က လာမည့် ဒီဇင်ဘာလ ၂၈ ရက်တွင် ရွေးကောက်ပွဲကို အပိုင်း (၁) ကျင်းပသွားမည်ဖြစ်ပြီး ကရင်ပြည်နယ်အတွင်း မြဝတီ၊ သံတောင်ကြီး၊ ဘားအံမြို့နယ်များ ပါဝင်သည်။
“မြဝတီသားတယောက်အနေနဲ့ ဘယ်လိုမှ လက်မခံနိုင်ဘူး၊ ဟုတ်မှမဟုတ်နေတာ၊ ပထမရွေးကောက်ပွဲတောင် (၂၀၂၀) ခုနှစ် အကောင်အထည်မဖော်နိုင်သေးပဲနဲ့ လုပ်မယ်လို့ ပြောကတည်းကိုက မဟုတ်နေတာ၊ မဲလည်း သွားမပေးဘူး” ဟု အသက် ၃၂ နှစ်အရွယ် မြဝတီမြို့ခံတဦးက ပြောသည်။
စစ်အုပ်စုသည် ကရင်နယ်ခြားစောင့်တပ် BGF/KNA ၊ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA) ၏ ကူညီပံ့ပိုးမှုများရရှိပါက မြဝတီမြို့တွင် ရွေးကောက်ပွဲကို ကျင်းပသွားနိုင်မည့်ရာခိုင်နှုန်းများကြောင်း ၎င်းက ဆက်ပြောသည်။
လက်ရှိ မြဝတီမြို့တွင် စစ်အုပ်စုလက်အောက်ခံ တပ်ဖွဲ့များနှင့်အတူ BGF တပ်ဖွဲ့ဝင်များက လုံခြုံရေးအထူးတင်းကြပ်ထားပြီး မြို့ဝင်/မြို့အထွက်နေရာများစုကို စစ်ဆေးမှုများ လုပ်ဆောင်နေသည်ဟု မြို့ခံများက ဆိုသည်။
ထို့အပြင် အာဏာသိမ်းစစ်အုပ်စုခန့်အပ်ထားသည့် ရွေးကောက်ပွဲကော်မရှင်ကလည်း မြို့အတွင်း ဒေသခံပြည်သူများကို အတင်းအကြပ်ခေါ်ယူပြီး ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးလုပ်ငန်းများ ကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်နေကြောင်း သိရသည်။
IMNA