သင်္ကြန်အတက်နေ့ ပင်လောင်းတိုက်ပွဲတစ်နေရာမှာ စစ်ကောင်စီလေကြောင်းမှတဆင့် တိုက်ခိုက်

0
406

ပြီးခဲ့တဲ့ ဧပြီလ ၁၆ ရက်နေ့ (သင်္ကြန်အတက်နေ့) မှာ ပင်လောင်းမြို့နယ် နမ်းနိန်းကျေးရွာအနီးမှာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီက လေကြောင်းဖြင့် လေးကြိမ်ခန့် တိုက်ခိုက်ခဲ့တယ်လို့ ပအိုဝ်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ PNDF (KK) သတင်းနဲ့ ပြန်ကြားရေးတာဝန်ရှိသူဖြစ်တဲ့ ဘင်ဂျမင်က ကန္တာရဝတီတိုင်း(မ်) ကို ပြောပါတယ်။

“မနေ့ကတော့ လေယာဉ်နဲ့ လေးကြိမ် လာကြဲသွားတယ်လို့ သိရပါတယ်။ တိုက်လေယာဉ်တွေ ခဏခဏ သုံးနေပါတယ်။ ပင်လောင်းနားကတိုက်ပွဲဖြစ်တဲ့ နန်းနိမ် အနီးတစ်ဝိုက် တိုက်ပွဲတွေမှာပါ“ လို့ PNDF (KK) သတင်းနဲ့ ပြန်ကြားရေးတာဝန်ရှိသူတစ်ဦးက ပြောပြပါတယ်။

အဲဒီတိုက်ပွဲတွေမှာ နှစ်ဖက် ထိခိုက်မှု စာရင်းကိုတော့ ကန္တာရဝတီတိုင်း(မ်) အနေနဲ့ အတည်မပြုနိုင်သေးပါဘူး။

ဘုန်းကြီး ၃ ပါးအပါအဝင် အရပ်သား ၃၀ ဝန်းကျင် အသတ်ခံရတဲ့ နန်းနိမ် ကျေးရွာအနီးတဝိုက်အပါအဝင် ရှမ်းပြည်နယ်တောင်ပိုင်းမှာ ဖေဖော်ဝါရီလ နောက်ဆုံးပတ်ကစပြီးတိုက်ပွဲတွေပြင်းထန်နေတာပါ။

ဖယ်ခုံမြို့နယ်အတွင်းက ခေါင်းအိကျေးရွာအုပ်စု တောင်စလုံး၊ မြောက်စလုံးရွာဖက်မှာလည်း ထိတွေ့တိုက်ပွဲဖြစ်တာတွေ ရှိနေဆဲဖြစ်တယ်လို့ သိရပါတယ်။ စစ်ကောင်စီကတော့ လုံးပျဉ်ကျေးရွာဖက်မှာ ရှိနေတယ်လို့ ကာကွယ်ရေးတပ်ဖွဲ့တွေပြောပြချက်အရ သိရပါတယ်။

“ရက်တိုင်းတော့ မဟုတ်ဘူး။ ဒါပေမယ့် အခြေအနေတော့ မပြောတတ်ဘူးပေါ့။ တခါတလေဆိုရင်လည်း ရက်ဆက်ဖြစ်တယ်။ တခါတလေ ကျတော့လည်း တစ်ရက်၊ နှစ်ရက်နားတာတို့ ပြီးတော့ နည်းနည်း ဟိုပစ်၊ဒီပစ် အဲလိုရှိသေးတယ်ပေါ့။ တိုက်ပွဲမဖြစ်တာတော့ မဟုတ်ဘူး“ လို့ တောင်စလုံး၊ မြောက်စလုံးဖက် ထိတွေ့တိုက်ပွဲဖြစ်မှုနဲ့ ပတ်သက်ပြီး မိုးဗြဲ-ပြည်သူ့ကာကွယ်ရေးတပ် တပ်ရင်း (၂) သတင်းနဲ့ ပြန်ကြားရေးတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်ကနေ ဖယ်ခုံ နဲ့ ပင်လောင်း အခြေစိုက် တပ်တွေကနေပြီး နေ့စဉ် လက်နက်ကြီး ပစ်ခတ်တာတွေ လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

ကရင်နီပြည်ထဲကို စစ်ကူတွေပို့ဖို့ လုပ်ဆောင်နေတဲ့ စစ်ကောင်စီနဲ့ ဖေဖော်ဝါရီလ (၂၄) ရက်နေ့ကတည်းက တိုက်ပွဲဖြစ်ပွားနေတာဖြစ်ပြီး စစ်ကောင်စီဖက် အင်အားဖြည့်တင်းနေဆဲဖြစ်ပါတယ်။

“ကျနော်တို့ကတော့ သူတို့ အင်အားဖြည့်နေတယ်ဆိုတာကိုတော့ ကျိန်းသေပေါက် တွက်ထားတယ်ပေါ့နော။ သူတို့က တစ်နည်းမဟုတ် တစ်နည်းနဲ့တော့ ဖြည့်နေမှာပဲ။ ဒီအခြေအနေက ဘာဖြစ်လို့လဲဆိုရင် သူတို့ ဒီဖက်မှာက မရရတဲ့နည်းနဲ့ စစ်ကြောင်းထိုးမယ်ဆိုတဲ့ အနေအထားမျိုးနဲ့ တွေ့ရတယ်ကောနော်“ လို့ မိုးဗြဲ-PDF တပ်ရင်း (၂) သတင်းနဲ့ ပြန်ကြားရေးတာဝန်ရှိသူတစ်ဦးက ဆက်ပြောပါတယ်။

ထိတွေ့တိုက်ပွဲတွေမှာ စစ်ကောင်စီဖက် လေကြောင်းအသုံးပြုတိုက်ခိုက်မှုတွေရှိနေသလို နှစ်ဖက်အကျအဆုံးတွေလည်းရှိနေတယ်လို့ သိရပါတယ်။

ဖေဖော်ဝါရီလအတွင်းက စတင်ဖြစ်ပွားခဲ့တဲ့ ရှမ်းပြည်နယ်တောင်ပိုင်း ထိတွေ့တိုက်ပွဲတွေမှာ ပအိုဝ်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ PNDF (KK)၊ KNDF၊ KA၊ PDF ပူးပေါင်းတပ်ဖွဲ့နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားနေတာဖြစ်ပါတယ်။

ကန္တာရဝတီတိုင်း(မ်) – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here