ဝိုင်းမော်၊ မလိယန်ရွာနီး စစ်ကောင်စီတပ်က လေယာဉ်နဲ့ ဗုံးကြဲ

0
308
ပုံစာ - မလိယန်ရွာအနီးမှာ စစ်ကောင်စီက ဂျက်လေယာဉ် ၂ စီးနဲ့ ဗုံး ၄ လုံး လာကြဲချခဲ့သည်။

ကချင်ပြည်၊ မြစ်ကြီးနား- ဗန်းမော် လမ်းမကြီးပေါ်ရှိ ဝိုင်းမော်မြို့နယ်၊ မလိယန်ရွာနီးမှာ ဩဂုတ်လ ၄ ရက် နေ့လယ် ၁၁ နာရီ ဝန်းကျင်မှာ စစ်ကောင်စီက ဂျက်လေယာဉ် ၂ စီးနဲ့ ဗုံး ၄ လုံး လာရောက် ကြဲချသွားတယ်လို့ KIA ရှေ့တန်းသတင်းရင်းမြစ်တွေဆီက သိရသည်။

စစ်ကောင်စီ၏ ဂျက်လေယာဉ် ၂ စီး သည် မန္တလေး တံတားဦးလေဆိပ်ကနေ တက်လာခဲ့ပြီး နေ့လည် ၁၁ နာရီခွဲ လောက်မှာ ဗုံးကြဲတိုက်ခိုက်သွားတာဖြစ်တယ်လို့ KIO သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

“ တံတားဦးကနေ တက်လာတဲ့ လေယာဉ် ၂ စီးနဲ့လာပစ်သွားတာ မှန်တယ်။ ဒီနေ့က မြေပြင်တိုက်ပွဲတော့ မရှိဘူး၊ မနေ့ကတော့ ဂန်ဒေါင်ယာန်ဘက်ခြမ်းမှာရှိတဲ့ အရင်ရဲတွေထိုင်တဲ့ စစ်တပ်စခန်းတစ်ခု နောက်ဆုတ် သွားတယ်” လို့ ဗိုလ်မှူးကြီးနော်ဘူက ပြောဆိုသည်။

စစ်ကောင်စီက ဂျက်လေယာဉ်နဲ့ လာရောက်ဗုံးကြဲတိုက်ခိုက်သွားသည့် မလိယန်ရွာအနားတွင် စစ်ကောင်စီတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့သည့်အပြင် ဩဂုတ်လ ၃ ရက်က ဂန်ဒေါင်ယန်ဘက်က စစ်ကောင်စီ တပ်စခန်းတစ်ခုလည်း နောက်ဆုတ်သွားသည်ဟု သိရပါတယ်။

မြစ်ကြီးနား- ဗန်းမော် လမ်းတလျှောက်တွင် စစ်ကောင်စီတပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော်အကြား ပြီးခဲ့သည့် ဇူလိုင်လ ၃ ရက်နေ့က စတင်ပြီး စစ်ကောင်စီတပ်က နမ်ဆန်ယန်ဘက်ကို စစ်ကြောင်းထိုး ဝင်ရောက် လာရာက နှစ်ဖက်စစ်ရေးတင်းမာနေသည်။

စစ်ကောင်စီတပ်က နမ်ဆန်ယန်အနီးတဝိုက် စုစုပေါင်း ၃ ကြိမ် တိတိ လေကြောင်းမှ လာရောက်ဗုံးကြဲ တိုက်ခိုက်ပြီး ဖြစ်သည်။

ယင်းအပြင် စစ်ကောင်စီတပ်သည် မြစ်ကြီးနား- ဗန်းမော် ကားလမ်းပေါ်ရှိ မဒီးယာန်၊ အောင်ဂျာ၊ ခရာဘက်ကနေ နမ်ဆန်ယန်ဘက် ဖြည်းဖြည်းချင်း စစ်ကြောင်းထိုး ဝင်ရောက်လာသည့် အတွက် နှစ်ဖက်တိုက်ပွဲ ဆက်တိုက် ဖြစ်နေတယ်လို့လည်း KIO သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ဆက်ပြောပါတယ်။

“ခုတိုက်ပွဲက ဆက်ဖြစ်နေတုန်း ဒီတိုက်ပွဲက ရက်ရှည်တိုက်ပွဲဖြစ်လာနိုင်တယ် ခုချိန်ထိလည်း တင်းမာနေတုန်း ဖြစ်တယ်။ စစ်တပ်ဘက်ကလည်း ပြည်သူတွေရှိတဲ့ဘက်တွေဆိုလက်နက်ကြီးနဲ့ ပစ်တာရှိနေတဲ့အတွက် ပြည်သူတွေ သတိထားနေစေချင်တယ်” လို့ ပြောပါတယ်။

နမ်ဆန်ယန်ကျေးရွာသည် ၂၀၁၁ ခုနှစ်က စစ်တပ်နဲ့ KIA ကြား တိုက်ပွဲများ ပြင်းထန်ခဲ့တာကြောင့် ဒေသခံပြည် သူ အားလုံးသည် ၈ နှစ် ခန့်ကြာ နေရပ်စွန်ခွာ ထွက်ပြေးတိမ်းရှောင်ခဲ့ရာက ၂၀၁၈ ဒီဇင်ဘာလက စပြီး နေရပ်တွင် ပြန်လည် နေထိုင်ခဲ့ကြခြင်း ဖြစ်သည်။

ဒေသခံများ လုံခြုံစွာ နေရပ်ပြန်လည် နေထိုင်နိုင်ရေးအတွက် နမ်ဆန်ယန်ကျေးရွာ အနီးတဝိုက်မှာ လက်နက်ကိုင်အဖွဲ့ နှစ်ဖွဲ့လုံးက ဝင်ရောက်တပ်စွဲ နေထိုင်တာတွေ မလုပ်ကြဖို့ သဘောတူညီထားပေမယ့် စစ်ကောင်စီတပ်က ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် စက်တင်ဘာလမှာ တကြိမ်၊ ၂၀၂၃ ခုနှစ် ဇွန်လ ၁၆ ရက်နေ့မှာ တကြိမ်နှင့် ဇူလိုင်လ ၁ ရက်နေ့ တကြိမ် ရွာအနီးတွင် တပ်စွဲနေထိုင်ဖို့ ပြင်ဆင်လာသည့် အတွက် ခုလိုတိုက်ပွဲ ဖြစ်ပွားရတယ် လို့ ဒေသခံတွေက ပြောသည်။

လက်ရှိတွင် နမ်ဆန်ယန်ကျေးရွာခံများ အပါအဝင် မြစ်ကြီးနား – ဗန်းမော် လမ်းမပေါ်မှာရှိသည့် ကျေးရွာများက ဒေသခံပြည်သူများသည် မြစ်ကြီးနား၊ ဝိုင်းမော်ဘက်ကို ထွက်ပြေးတိမ်းရှောင်နေကြရသည်။

KNG ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here