လွိုင်ကော်အကျဥ်းထောင်က နိုင်ငံရေးအကျဉ်းသူ ၁ ဦးအပါအ၀င် နိုင်ငံရေးအကျဥ်းသား ၃ ဦး လွတ်မြောက်လာ

By MPM 28 အောက်တိုဘာ, 2024 👁

ကရင်နီ (ကယား) ပြည်၊ လွိုင်ကော်မြို့ရှိ လွိုင်ကော်အကျဥ်းထောင်ကနေ အောက်တိုဘာလအတွင်းက နိုင်ငံရေးအကျဉ်းသူ ၁ ဦးအပါအ၀င် နိုင်ငံရေးအကျဥ်းသား ၃ ဦး လွတ်ရက်စေ့ဖြင့် ပြန်လွတ်မြောက်ခဲ့ကြောင်း KPPA ထံမှ သိရသည်။

ကရင်နီနိုင်ငံရေး အကျဉ်းသားများအစည်းအရုံး (KPPA) သတင်းနှင့်ပြန်ကြားရေးတာဝန်ရှိသူ ကိုနဲရယ်က “၁၀ လ ပိုင်း ၄ ရက်နေ့မှာတစ်ဦး၊ ၁၀ လပိုင်း ၉ ရက်နေ့မှာ တစ်ဦးပေ့ါ၊ အဲ့ဒါက အမျိုးသား။ နောက်ပြီး အမျိုးသမီးက ၂၅ ရက်နေ့မှာ လွတ်လာတယ်။ အကုန်လုံးက နိုင်ငံရေး မတရားအသင်း ဥပဒေပုဒ်မ ၁၇ (၁) နဲ့ ထောင်ဒဏ် ၃ နှစ် ကျခံခဲ့ရသူတွေဖြစ်တယ်” ဟု ပြောဆိုသည်။

အကျဉ်းထောင်အတွင်း ကျန်ရှိနေသော အကျဥ်းသားများ ယားနာဖြစ်ပွားနေကြကြောင်းနှင့် ယားနာမှုဖြစ်ပွားမှုက ပျောက်ကင်းတာမျိုးမရှိဘဲ အပြန်အလှန်ကူးစက်သည့်ပုံစံမျိုး ဖြစ်ပွားနေသည်ဟု လွတ်မြောက်လာသူတို့ ပြောပြချက်အရ သိရကြောင်း ကိုနဲရယ်ကဆိုသည်။

“အထူးသဖြင့် ထောင်မှာဖြစ်တာကြတော့ ယားနာတာပေ့ါ။ ယားနာကြတော့ အရင်ပုံမှန်အခြေအနေအတိုင်းပဲ အမြဲတမ်းဖြစ်နေတဲ့ ရောဂါတစ်ခုပဲလေနော်။ အဲ့တစ်ခုရှိမယ်။ ပြီး ကျန်းမာရေး ဆိုးဆိုးဝါးဝါးပြင်းထန်တဲ့ ကျန်းမာရေးမျိုးတော့ မရှိဘူးလို့ ပြောရမှာပေ့ါနော်။ အဲ့ဒီ ယားနာတာတစ်ခုပဲ။ ဒီကာလမျိုးမှာတော့ ကာလဝမ်း ရောဂါမျိုးတွေလည်း ထောင်ထဲမှာ မရှိဘူးလို့တော့ သူပြောတယ်” ဟု ကိုနဲရယ်က ပြောသည်။

မိသားစု၀င်တို့နှင့် အဆက်အသွယ်ရသော အကျဉ်းသားများသာ ဆေးဖိုးဝါးခအပြင် စားသောက်ရေးအတွက် အဆင်ပြေကြကြောင်းနှင့် မိသားစုနှင့် အဆက်အသွယ်မရရှိသည့် အကျဉ်းသားများလည်းရှိနေသည်ဟု ဆိုသည်။

လက်ရှိတွင် လွိုင်ကော်အကျဥ်းထောင်၌ အကျဥ်းသား ၄၀၀ ဦးနှင့် အကျဥ်းသူ ၂၈ ဦး စုစုပေါင်းအကျဥ်းသား ၄၂၈ ဦး ကျန်ရှိနေသေးသည်ဟု KPPA ခန်းမှန်းစာရင်းအရ သိရှိရသည်။

ကန္တာရဝတီတိုင်း (မ်) – ပေးပို့သည်။