ကရင်နီ (ကယား) ပြည်၊ လွိုင်ကော်မြို့ပေါ် ရပ်ကွက်ဖြစ်သည့် မိုင်းလုံးရပ်ကွက်အတွင်းကို အင်အားဖြည့်တင်းပြီး စစ်ကြောင်းထိုး ဝင်ရောက်လာသော စစ်ကောင်စီတပ်က စစ်ရေးလှုပ်ရှားမှုပြုလုပ်ခဲ့ပြီး ဒေသခံများ၏ နေအိမ်များ ကို မီးရှို့ဖျက်ဆီးနေသည်ဟု ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) သတင်းထုတ်ပြန်သည်။
ဇွန်လ နောက်ဆုံးပတ်ကစပြီး စစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်ကောင်စီတပ်က ယနေ့အချိန်ထိ လွိုင်ကော်မြို့ မိုင်းလုံး၊ ရွာတန်းရှည် ရပ်ကွက်အတွင်းရှိ ဒေသခံများ၏ နေအိမ်များကို အကြောင်းအရင်းမရှိ မီးရှို့ဖျက်ဆီးမှု နေ့စဉ်နီးပါး လုပ်ဆောင်နေတယ်လို့ KNDF က ဇူလိုင်လ ၂၇ ရက်နေ့က ထုတ်ပြန်ပြောဆိုခြင်းဖြစ်သည်။
လွိုင်ကော်ဒေသခံတစ်ဦးက “ပြီးခဲ့တဲ့လကတော့ မိုင်းလုံးရပ်ကွက်က ကျနော်ရဲ့အိမ်ကို ပြန်ကြည့်သေးတယ်။ အဲ့တုန်းကတော့ လမ်းမှာစစ်သားတွေက နေရာယူထားတာတွေ့တော့ ပြန်မဝင်ရဲတော့ဘူး။ နောက်ပိုင်းကစပြီး နေအိမ်မီးရှို့ခံရတာကို အဝေးကနေ လှမ်းမြင်ခဲ့ရတယ်။ ပြီးတော့ တိုက်ပွဲတွေလည်းဖြစ်တယ်လို့ပြောတော့ မပြန်ရဲကြတော့ဘူး” ဟု ပြောဆိုသည်။
စစ်ကောင်စီတပ်သားများသည် ရပ်ကွက်အတွင်းဝင်ရောက်ကာ ဒေသခံလူထုများ၏နေအိမ်ထဲကို ဖျက်ဆီးဝင်ရောက်ပြီး ပစ္စည်းများယူဆောင်သည့်အပြင် မီးရှို့ဖျက်ဆီးမှုများပါ လုပ်ဆောင်နေသည်ဟု ဆိုပါသည်။
ဇူလိုင်လ ၂၇ ရက်နေ့အထိ မိုင်းလုံး၊ ရွာတန်းရှည်ရပ်ကွက်ရှိ ဒေသခံများ၏ နေအိမ် ၆၀ ကျော် မီးလောင်ပျက်စီးခဲ့ကြောင်း KNDF နှင့် ဒေသခံတို့ထံမှ သိရှိရသည်။
တစ်လေးလုံးစစ်ဆင်ရေးစတင်သည့် အချိန်ကစပြီး လက်ရှိအချိန်ထိ လွိုင်ကော်မြို့တွင်းနေရာအနှံ့၌ တော်လှန်ရေးတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်တို့အကြား ထိတွေ့တိုက်ပွဲ ဖြစ်ပွားနေဆဲဖြစ်ကြောင်း KNDF က အသိပေးထုတ်ပြန်ထားသည်။
ပြီးခဲ့သည့် ဇူလိုင်လ ၄ ရက်နေ့ကစပြီး လွိုင်ကော်မြို့ပေါ် ရပ်ကွက်များထဲ စစ်ကြောင်းထိုးနေရာယူလာသည့် စစ်ကောင်စီတပ်နှင့် KNDF ၊ KA ၊ MK CDF တပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲများ ယနေ့အထိ နေ့စဉ်ရက်ဆက် ဖြစ်ပွားနေသည်ဟုဆိုသည်။
မိုင်းလုံးရပ်ကွက်၊ ရွာတန်းရှည်၊ ထူဒူငံသ၊ လွိုင်ကော် နည်းပညာတက္ကသိုလ်၊ မြကလပ်တောင် စသည့်နေရာများတွင် ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားနေသည်ဟု တော်လှန်ရေးတပ်ဖွဲ့များထံက သိရသည်။
စစ်ကောင်စီက ၎င်းတို့၏ အုပ်ချုပ်ရေးယန္တရား ပြန်လည်ပတ်နိုင်ရန်အတွက် တိုက်ပွဲဖြစ်ပွားနေဆဲဖြစ်သည့် လွိုင်ကော်မြို့နေလူထုကို နေရပ်ပြန်လာရန် ပြောဆိုလှုံ့ဆော်လျက်ရှိနေတာကြောင့် သတိပြုကြဖို့ KNDF က တိုက်တွန်းအသိပေးထားပါသည်။
ယင်းအပြင် ပြည်သူများအနေနှင့် နေအိမ်မပြန်သေးရန်၊ သက်ဆိုင်ရာ တာဝန်ရှိသူများထံကနေ မှန်ကန်သော သတင်းအချက်အလက်ရယူကြရန်၊ မိမိတို့၏ လုံခြုံရေးဦးစားပေးရန်နှင့် စစ်ရေးသတိရှိကြဖို့လည်း KNDF က တိုက်တွန်းထားသည်။
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် ၂၀၂၄ ခုနှစ် ဇွန်လ ၃၀ ရက်နေ့အထိ ၃ နှစ်ကျော်ကာလအတွင်း ကရင်နီပြည်တွင် ပျက်စီးသွားသည့် အရပ်သားနေအိမ် (၂၆၁၆) လုံးရှိကြောင်း တိုးတတ်သော ကရင်နီပြည်သူ့အင်အားစု (PKPF) ၏ ထုတ်ပြန်ချက်အရ သိရသည်။
ကန္တာရဝတီတိုင်း (မ်) – ပေးပို့သည်။