ကရင်နီ (ကယား) ပြည်တွင် “တစ်လေးလုံးစစ်ဆင်ရေး” စတင်လိုက်ပြီးနောက်ပိုင်း အထိနာလာသည့် စစ်ကောင်စီတပ်သည် မြေပြင်စစ်ကြောင်းများကို အသုံးမပြုနိုင်တော့တာကြောင့် ဒရုန်းကိုအသုံးပြုပြီး ဗုံးကြဲတိုက်ခိုက်မှု ပိုမိုလုပ်ဆောင်လာကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ထံမှ သိရသည်။
လက်ရှိအချိန်ထိ လွိုင်ကော်မြို့ပေါ်တွင် နှစ်ဖက်ထိတွေ့မှု တိုက်ပွဲ ဖြစ်ပွားနေဆဲဖြစ်ပြီး စစ်ကောင်စီတပ်က မြေပြင်တွင် သွားလာလှုပ်ရှားလို့ မရတော့တာကြောင့် ဒရုန်းအသုံးပြုမှု ပိုများလာခြင်းဖြစ်သည်ဟု ဆိုသည်။
ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ၏ သတင်းနှင့် ပြန်ကြားရေးတာဝန်ရှိသူတစ်ဦးက “စစ်ကောင်စီ ဘက်က ဘာလို့ ဒရုန်းအသုံးပြုလာလဲဆိုတော့ သူတို့ဘက်က မြေပြင်မှာအားနည်းလာပြီပေါ့နော်။ သူတို့မြေပြင် တပ်တွေက ထိခိုက်ကျဆုံးမှုများတဲ့အတွက် ဒရုန်းတွေသုံးလာတယ်လို့ပဲ ပြောချင်တယ်” ဟု ဆိုသည်။
လွိုင်ကော်မြို့ပေါ်တွင် “တစ်လေးလုံးစစ်ဆင်ရေး” စတင်ပြီးကတည်းက စစ်ကောင်စီက လေယာဥ်၊ လက်နက်ကြီး များကို အသုံးပြု တိုက်ခိုက်နေရာမှ ၂၀၂၄ ခုနှစ်အတွင်း၌ ဒရုန်းနှင့်ပစ်ခတ်မှုကို ပိုမို အသုံးပြုနေကြောင်း KNDF သတင်းနှင့် ပြန်ကြားရေးတာဝန်ရှိသူက ပြောသည်။
တိုက်ပွဲဖြစ်ပွားခြင်း မရှိသည့်နေ့များတွင်လည်း စစ်ကောင်စီက တဖက်သတ် ဒရုန်းနှင့် မီးလောင်ဗုံးကြဲတာ ကြောင့် လွိုင်ကော်မြို့တွင်း နေအိမ်၊ အဆောက်အဦး ပျက်စီးမှု များပြားနေကြောင်း KNDF တပ်ဖွဲ့နှင့် ဒေသခံများက ပြောသည်။
“ဒရုန်းတွေကတော့ ဒီနောက်ပိုင်းမှာ ပိုသုံးတယ်ပေါ့နော်။ လက်နက်ကြီးတွေလည်း သုံးပါတယ်။ တိုက်ပွဲတွေ ပြင်းထန်ရင်တော့ လက်နက်ကြီးတွေ လေယာဥ်တွေကတော့ ဒါသုံးတယ်ပေ့ါနော်။ ပုံမှန်သုံးတဲ့ဟာပဲပေါ့နော်။ ဒရုန်းကြတော့ ဒီတိုက်ပွဲတွေ ဘာတွေမဖြစ်လည်း သုံးတယ်။ ဒရုန်းနဲ့ချတဲ့ဟာမျိုး ဖြစ်တယ်။ ဒရုန်းကို ပိုသုံးလာတယ်လို့ ပြောလို့ရတယ်” လို့ KNDF သတင်းနှင့် ပြန်ကြားရေးတာဝန်ရှိသူက ဆက်ပြောသည်။
လွိုင်ကော်မြို့ပေါ်တွင် နှစ်ဖက်ထိတွေ့မှုအပြင် စစ်ကောင်စီက ဒရုန်းဖြင့် မီးလောင်ဗုံးအသုံးပြုနေတာကြောင့် ဒေသခံများအား နေရပ်မပြန်ကြရန်နှင့် စစ်ကောင်စီတပ်စွဲခဲ့သည့် နေရာများတွင် မြေမြှုပ်မိုင်းအန္တရာယ်လည်း ရှိနိုင်တယ်ဟု တော်လှန်ရေးတပ်ဖွဲ့များက အသိပေးထားသည်။
လွိုင်ကော်ဒေသခံတစ်ဦးက “လွိုင်ကော်အခြေအနေကတော့ အထိအခိုက်၊ အပျက်အစီးတွေကလည်း နေ့စဉ် ကြားနေရတယ်။ မြို့တွင်းလည်း တော်တော်များများ ပျက်စီးသွားပြီလို့ သိရပါတယ်။ မြို့တွင်းနဲ့ နီးတဲ့ ၅၄ တပ် ဘက်ရှိတဲ့ ကြည်သာယာတို့ နမ့်ဘော်ဝမ် ရပ်ကွက်ဘက်မှာတော့ လွိုင်ကော်ဒေသခံတွေ အသွားအလာရှိတယ်။ ဈေးတန်းတွေ ရောင်းတာလည်းရှိတယ်။ ဒါပေမဲ့ လုံခြုံရေးအရကတော့ ဘယ်နေရာမှာမှ စိတ်မချရလို့ ပြန်နေလို့ မရသေးပါဘူး” လို့ ပြောပြသည်။
လွိုင်ကော်မြို့တွင်း၌ စစ်ကောင်စီတပ်က ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (လွိုင်ကော် ဒကစ)၊ ဌာနဆိုင်ရာရုံး၊ တန်းမြင့် အဆောက်အဦး၊ စာသင်ကျောင်း၊ ဘာသာရေးကျောင်းများတွင် တပ်စွဲနေရာယူထားပြီး မြေပြင်တွင် စစ်ကြောင်း မထိုးနိုင်တော့သည့်အတွက် လက်နက်ကြီး၊ ဒရုန်းများနှင့် မီးလောင်ဗုံးကို အဓိကထားပြီး အသုံးပြုနေတယ်လို့ တော်လှန်ရေးတပ်ဖွဲ့က ပြောဆိုသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီ တတိယပတ်အတွင်းက လွိုင်ကော်မြို့ပေါ် ရပ်ကွက်အတွင်းကို စစ်ကောင်စီက ဒရုန်းနှင့် မီးလောင်ဗုံးများ ကြဲချမီးရှို့ခဲ့တာကြောင့် အဆောက်အဦး အများအပြား မီးလောင်ကျွမ်းခဲ့ကြောင်း ဒေသခံများက ပြောသည်။
လွိုင်ကော်မြို့တွင် ဆင်နွဲနေသည့် “တစ်လေးလုံး စစ်ဆင်ရေး” အတွင်း လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီး ပစ်ခတ်တာအပြင် ဒရုန်းနှင့် မီးလောင်ဗုံးများကို အသုံးပြုတိုက်ခိုက်တာကြောင့် ပျက်စီးခဲ့သည့် အဆောက်အဦးစာရင်း ခန့်မှန်းခြေ ၃၀၀ ဝန်းကျင်ရှိပြီး ၁၀၀ ဝန်းကျင်မှာ မီးလောင်ပြာကျသွားတယ်လို့ ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ (IEC) စာရင်းအရ သိရသည်။
ကန္တာရဝတီတိုင်း(မ်)-ပေးပို့သည်။