လွိုင်ကော်တွင် စစ်ရေး ပြန်လည်တင်းမာနေ

0
232

ကရင်နီပြည်၊ လွိုင်ကော်မြို့ရှိ စစ်ကောင်စီတပ်စခန်းအချို့အား ကရင်နီတော်လှန်ရေး ပူးပေါင်းတပ်များက ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပြီးနောက် နှစ်ဖက်တပ်ကြား တိုက်ပွဲပြန်လည်ဖြစ်ပွားလာပြီး စစ်ရေးအခြေအနေ ဆက်လက်တင်းမာလျှက်ရှိသည်။

ဇူလိုင်လ ၄ ရက်နေ့က လွိုင်ကော်မြို့ နမ့်ဘော်ဝမ်၊ ကြည်သာယာနှင့် မိုင်းလုံးရပ်ကွက်တို့ထဲရှိ စစ်ကောင်စီ အထိုင်ချနေသည့် စခန်းများကို ကရင်နီတော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တို့က တိုက်ခိုက်ခဲ့ခြင်းသည်။

ကရင်နီတပ်မတော် KA စစ်ရေးချုပ် ဗိုလ်မှူးကြီးဘုန်းနိုင်က “မိုင်းလုံးမှာ ဖြစ်တယ်။ ၁၁ တိုက် အကြီးကြီးတစ်လုံး ရှိတယ် အဲ့ဒီနေရာမှာ ဖြစ်တယ်။ ရွာတန်းရှည်မှာ ဖြစ်တယ်။ နမ့်ဘော်မှာ ဖြစ်တယ်။ မနေ့ ဖြစ်တဲ့နေရာက ၃-၄ နေရာနော်။ မောင်းထုတ်တာကို ဝင်လာတော့ ပြန်တိုက်တယ်လေ။ အဲ့လိုပဲ ရှိမှာပေါ့။ ကျနော်တို့ နယ်မြေ အခြေအနေက များသောအားဖြင့် မြို့မှာပဲဖြစ်တယ်။ တောမှာတော့ မရှိတော့ဘူးနော်။ လွိုင်ကော်မှာ ဖြစ်တာက သူတို့နည်းနည်း ချဲ့ထားတဲ့နေရာမှာ ကျနော်တို့ ဝင်ပြီးမှ တိုက်တယ်လေနော်” ဟု ပြောသည်။

စစ်ကောင်စီတပ်ဘက်တွင် ထိခိုက်ကျဆုံးမှုများ ရှိနိုင်သော်လည်း အတိအကျ မသိနိုင်သေးဘူးဟု ဗိုလ်မှူးကြီး ဘုန်းနိုင်က ဆက်ပြောသည်။

“ထိခိုက်မှုက ကျနော်တို့ဘက်မှာတော့ တစ်ယောက်၊ နှစ်ယောက်တော့ နာတာပေါ့နော်။ ကျနော်တို့ KNDF ဘက်မှာ ရှိတယ်။ ဟိုဘက်လည်း ရှိမယ်လေ။ ကျနော်တို့လည်း ဘယ်လိုလုပ်ကောက်လို့ရမလဲ” ၎င်းက ဆိုသည်။

ထိုဖြစ်စဉ်အတွင်း အရပ်သားထိခိုက်မှုများ ရှိခဲ့သည့်အပြင် ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် KNDF မှ ရဲဘော်တစ်ဦးလည်း တိုက်ပွဲအတွင်း ကျဆုံးခဲ့သည်ဟု ကရင်နီအခြေစိုက် ကန္တာရဝတီတိုင်း (မ်) သတင်းဌာန၏ သတင်းအရ သိရှိရသည်။

စစ်ကောင်စီ တပ်စခန်းများကို ကရင်နီတော်လှန်ရေးပူးပေါင်းအဖွဲ့က သွားရောက်တိုက်ခိုက်ခဲ့ပြီးနောက် နှစ်ဖက်ကြား တိုက်ပွဲများ ဆက်လက်ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ ဇူလိုင်လ ၄ ရက်နေ့က နှစ်ဖက်ကြား ပစ်ခတ်မှုဖြစ်ပွားခဲ့သည့် နေရာသည် လွိုင်ကော်အခြေစိုက် အမှတ် ၅၄ ​ခြေလျင်တပ်ရင်းနှင့် နီးသည်ဟုလည်း ရှေ့တန်းသတင်းအရင်းအမြစ်က ဆိုသည်။

ဇူလိုင်လ ၅ ရက်နေ့ တိုက်ပွဲအခြေအနေနှင့် ပတ်သက်၍ “တိုက်ပွဲက မနေ့ (ဇူလိုင် ၄ ရက်) ကတော့ ပြင်းထန် တယ်၊ အခုတော့ ငြိမ်နေတယ်ပေါ့။ စစ်တပ်က ခုခံတာတော့ မရှိတော့ဘူး။ ဒါပေမယ့် သူတို့အနေနဲ့လည်း အခြေအနေ စောင့်ကြည့်နေတယ်။ ကျနော်တို့လည်း စောင့်ကြည့်နေတယ်။ စစ်ကောင်စီက လှုပ်ရှားမှု မရှိပါဘူး။ သူတို့စခန်း ပတ်ဝန်းကျင်မှာပဲ ထွက်ပြီးတော့ ကင်းထောက်လုပ်တာ ကင်းလှည့်တာပဲ ရှိတယ်လေ” ဟု ရှေ့တန်းသတင်းအရင်းအမြစ်က ပြောသည်။

ဇူလိုင်လ ၄ ရက်နေ့မှ စတင်၍ ဇူလိုင်လ ၅ ရက်နေ့အထိ လွိုင်ကော်မြို့ အနီးတဝိုက်တွင် လက်နက်ကြီး၊ လက်နက်ငယ်သံများ ကြားနေရသောကြောင့် ပြည်သူအချို့မှာ မြို့မှ ပြန်လည်ထွက်ခွာနေကြပြီဟု သိရသည်။

လွိုင်ကော်မြို့နှင့် ပတ်ဝန်းကျင်တွင် နှစ်ဖက်တပ်ကြား စစ်ရေးအခြေအနေများက တင်းမာနေဆဲဖြစ်ပြီး တိုက်ပွဲများ အချိန်မရွေးဖြစ်လာနိုင်သည့် အခြေအနေမျိုး ဖြစ်နေသည်ဟု ရှေ့တန်းသတင်းအရင်းအမြစ်က ပြောဆိုသည်။

လွိုင်ကော်ဒေသခံ ပြည်သူများကို နေရပ်ပြန်မနေကြသေးရန် အသိပေး ပြောဆိုထားသော်လည်း ၎င်းတို့၏ ရပ်ရွာ၊ အိုးအိမ်များကို စိတ်မချ၍ ပြန်လာသူများရှိနေ၍ တိုက်ပွဲများတွင် အရပ်သားပြည်သူများ မထိခိုက်အောင် သတိထားနေရသည်ဟု ကရင်နီတော်လှန်ရေးပူးပေါင်းတပ် တာဝန်ရှိသူများက ပြောသည်။

NMG ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here