လွိုင်ကော်က ပြည်နယ်ရဲစခန်းကို ကရင်နီတော်လှန်ရေးတပ်ပေါင်းစု သိမ်းပိုက်ခဲ့

0
337

ကရင်နီ (ကယား) ပြည်၊ လွိုင်ကော်မြို့၊ ဒေါဥခူရပ်ကွက်မှာရှိ ပြည်နယ်ရဲစခန်းကို ဒီဇင်ဘာလ ၉ ရက်နေ့က ကရင်နီတော်လှန်ရေးတပ်ပေါင်းစုက တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ဥက္ကဌ ခွန်းဘီထူးက ပြောဆိုသည်။

“ပြည်နယ်ရဲစခန်းကတော့ မနေ့ည (ဒီဇင်ဘာလ ၉ရက်) က တိုက်ခိုက် သိမ်းပိုက်လိုက်နိုင်တယ်။ ပြည်နယ်ရဲစခန်း ပတ်ချာလည်မှာ စစ်ကောင်စီတွေကနေပြီးမှ ကာကွယ်တိုက်ခိုက်တဲ့အတွက် ရက်ပေါင်းများစွာ ကျနော်တို့ တိုက်ခိုက်ခဲ့ရတယ်။ စစ်ကောင်စီရဲ့ အလောင်းတချို့ရယ် နောက် ဒီလက်နက်အချို့တွေရတယ်” လို့ KNDF ဥက္ကဌ ခွန်းဘီထူးက ပြောသည်။

ပြည်နယ်ရဲစခန်း တိုက်ခိုက်မှုတွင် နှစ်ဖက်ကျဆုံးမှုရှိခဲ့သလို စစ်ကောင်စီရဲ့ လက်နက်အချို့လည်း ရရှိခဲ့တယ်လို့ ခွန်းဘီထူးက ဆက်ပြောသည်။

“ခန့်မှန်းစစ်ကောင်စီ အင်အား လေးဆယ်ဝန်းကျင်လောက်ပေါ့နော။ အဲ့မှာ ခုခံကာကွယ်နေတဲ့ အနေအထားက နေပြီးမှ တချို့ကတော့ ထွက်ပြေးထွက်မြောက်သွားတယ်။ တချို့ကိုတော့ ကျနော်တို့ ရှင်းလင်းနိုင်ခဲ့တယ်ပေါ့။ အဲ့ဒီအတွက်ကြောင့်လည်း ကျနော်တို့ဘက် ရဲဘော်အားလုံးပေါင်း ၆ ဦး ကျသွားခဲ့ပါတယ်” လို့ KNDF ဥက္ကဌ ခွန်းဘီထူးက ပြောသည်။

လွိုင်ကော်မြို့ပြ စစ်ဆင်ရေးဖြစ်သည့် ၁၁.၁၁ စစ်ဆင်ရေးကို ပြီးခဲ့သည့် နိုဝင်ဘာ ၁၁ ရက်နေ့ ကတည်းက စတင်ခဲ့တာဖြစ်ပြီး ဆက်လက် တိုက်ပွဲ ဖြစ်ပွားနေတာကြောင့် လူထုတွေအနေနှင့် လုံခြုံရေး ဂရုစိုက်ဖို့နှင့် စစ်ရှောင်ကြဖို့ KNDF ဥက္ကဌက တိုက်တွန်းထားသည်။

လက်ရှိ၌ လွိုင်ကော်မြို့တွင်း စစ်ဆင်ရေးမှာ စစ်ကောင်စီက လက်နက်ကြီးနဲ့ လေကြောင်းပစ်ခတ်မှုကိုသာ အားကိုးပြီး တိုက်ခိုက်နေရတဲ့ အခြေအနေမျိုးသာ ရှိတော့တယ်လို့လည်း KNDF ရဲ့ သတင်းနဲ့ ပြန်ကြားရေး တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

“လွိုင်ကော်မြို့ စစ်ရေးအခြေအနေကတော့ စစ်ကောင်စီက ခံစစ်အနေအထားမှာပဲ ရှိနေတော့တဲ့ အနေအထားမျိုး ဖြစ်တယ်။ စစ်ကူတွေလည်း မလွှတ်နိုင်တော့ဘူး။ လက်နက်ကြီးရယ် လေယာဉ်အားကိုးပြီးတော့ အဆမတန် တိုက်ခိုက်နေတဲ့ အနေအထားမျိုး ဖြစ်တယ်” လို့ လွိုင်ကော်မြို့တွင်း တိုက်ပွဲအခြေအနေနဲ့ ပတ်သက်ပြီး KNDF ရဲ့ သတင်းနဲ့ ပြန်ကြားရေးတာဝန်ရှိသူက ပြောဆိုသည်။

ပြည်နယ်ရဲစခန်း တိုက်ခိုက်မှုအတွင်း ကရင်နီပြည်တပ်မတော် (KA)၊ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) ၊ PDF တပ်ဖွဲ့များ၊ ကရင်နီပြည်လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး (KNPLF) နဲ့ အခြားသော တော်လှန်ရေးတပ်များက ပူးပေါင်း တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ ဆိုပါသည်။

၁၁.၁၁ စစ်ဆင်ရေး စတင်ပြီးနောက် လွိုင်ကော်မြို့ရဲ့ သုံးပုံနှစ်ပုံကိုလည်း တော်လှန်ရေးတပ်ဖွဲ့တွေက ထိန်းထားနိုင်ပြီလို့ တော်လှန်ရေးတပ်ဖွဲ့ဘက်က ပြောဆိုထားသည်။

ကန္တာရဝတီတိုင်း(မ်) – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here