သျှမ်းပြည် လွိုင်လင်ခရိုင်၊ လဲချားမြို့နယ်အတွင်း စစ်ကောင်စီမှ စစ်အင်အား ဆက်လက်ဖြည့်တင်းနေပြီး၊ စစ်လေယာဉ်နဲ့ လာရောက် ပျံဝဲနေကြောင်း ဒေသခံများထံက သတင်းရရှိသည်။
ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် စစ်ကောင်စီတို့ ပြီးခဲ့သည့် သြဂုတ် ၆ ရက်နေ့ နံနက်ပိုင်းမှ ညနေပိုင်းအထိ စစ်ရေးပြင်းထန်ခဲ့ပြီးနောက် ယခုရက်ပိုင်း စစ်ရေး ငြိမ်သက်နေသော်လည်း စစ်ကောင်စီဘက်မှ စစ်အင်အား ဖြည့်တင်းနေပြီး စစ်လေယာဉ်ဖြင့် လဲချားမြို့ပေါ် ဆက်လက်ပျံဝဲနေကြောင်း လဲချားမြို့ခံ အသက် ၃၀ ကျော် အမျိုးသားတစ်ဦးက ပြောသည်။
“စစ်လေယာဉ်နဲ့ လဲချားမြို့ပေါ်ကို နှစ်ပတ် လာပတ်သွားတယ်၊ အနေအထားကတော့ ခပ်မြင့်မြင့်ကနေ ပျံသွားတာ။ အဲ့လို လေယာဉ် မြင်ရတော့ တော်တော်ကို လန့်သွားတယ်။ အခုတော့ အသံတွေ ငြိမ်သွားပြီလို့” အဆိုပါအမျိုးသားက ဆိုသည်။
စစ်ကောင်စီတပ်ဖွဲ့သည် စစ်လေယာဉ်ဖြင့် ပျံဝဲမှု ပြုသည့်အပြင် မြေပြင်စစ်အင်အား ဖြည့်တင်းမှုများလည်း လုပ်နေပြီး လမ်းများကိုပါ ပိတ်ပင်တားမြစ်ထားကြောင်း ဒေသခံများထံက သိရသည်။
စစ်ရေးတင်းမာခဲ့သည့် သြဂုတ် ၆ ရက်မှ စပြီး လက်ရှိအချိန်ထိ လဲချားမြို့ တောင်ဘက်ရှိ မန်ပုံကျေးရွာမှ နမ့်စန်ဘက်သွားသည့် လမ်းကြောင်း နှင့် မက်လန်းကျေးရွာမှ လမ်းကြောင်း တို့ကို စစ်ကောင်စီက ပိတ်ထားပြီး ဒေသခံများကိုပါ စစ်ရှောင်ခွင့် ပိတ်ထားသည်ဟု ဆိုသည်။
အသက် ၅၀ ဝန်းကျင် ဒေသခံအမျိုးသားတဦးက “စစ်သား (စစ်ကောင်စီတပ်) တွေက ရွာထဲမှာ နေရာယူ ထားပြီးတော့ ရွာသားတွေ စစ်ရှောင်သွားဖို့ ခွင့်မပြုဘူး၊ စစ်ကောင်စီလုပ်တဲ့ပုံက ရွာသားတွေကို ကာဗာယူထားတဲ့ သဘောဖြစ်နေတယ်။ အချိန်မရွေး တိုက်ပွဲက ဖြစ်နိုင်တော့ ရွာသားတွေက စစ်ရှောင်သွားချင်တာပေါ့၊ ဒါပေမဲ့ စစ်သားတွေက သွားခွင့်မပြုဘူး” ဟု ပြောဆိုသည်။
ယင်းတိုက်ပွဲအခြေအနေများနှင့် ပတ်သက်ပြီး SSPP/SSA ၏ ပြောရေးဆိုခွင့်ကို ဆက်သွယ်မေးမြန်းရာ မြေပြင်တိုက်ပွဲ ငြိမ်နေသော်လည်း စစ်ရေးတင်းမာမှု ရှိနေသေးကြောင်း ပြောပါသည်။
“နေပြည်တော်ကနေ မြေပြင် အခြေအနေကို ထိန်းသိမ်းဖို့ သူတို့ တိုင်းမှူးတွေ၊ တာဝန်ရှိသူတွေဆီကို ညွှန်ကြား လာတယ်လို့ သတင်းကြားမိပါတယ်။ ကျနော်တို့ကို ချိတ်ဆက်ကမ်းလှမ်းတာတော့ မရှိပါဘူး။ အခုထိလည်း သူတို့ဘက်က စစ်အင်အားဖြည့်နေတုန်းမို့ စစ်ရေးတင်းမာနေတုန်းပါ” ဟု SSPP/SSA ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးစိုင်းဖုန်းဟန်က ပြောသည်။
လဲချားမြို့နယ်မှ SSPP/SSA နှင့် စစ်ကောင်စီတို့ ဖြစ်ပွားခဲ့သည့် တိုက်ပွဲကြား စစ်ကောင်စီဘက်မှ တပ်သား ၁၀ ဦးကျော် သေဆုံးသည့်အပြင် အရှင်ဖမ်းမိသူ ၂ ဦး၊ သေနတ် ၂ လက်နှင့် ကားတစ်စီးကိုလည်း ဖမ်းဆီးရမိကြောင်း SSPP/SSA သြဂုတ် ၇ ရက်တွင် ထုတ်ပြန်ကြေညာထားသည်။
သျှမ်းသံတော်ဆင့် ပေးပို့သည်။