သျှမ်းပြည် လွိုင်လင်ခရိုင်၊ လဲချားမြို့နယ်နှင့် ၂၅ မိုင်ခန့် ကွာဝေးသည့် မန်ပန်ပြည်သူ့စစ်ထိန်းချုပ်ထားသော မန်ပန်ကျေးရွာထိ ကျားဖြန့်ဟု လူသိများသည် အွန်လိုင်းငွေလိမ်ဂိုဏ်းများရောက်ရှိနေပြီး ဒေသခံလူငယ်များကို အလုပ်ခေါ်နေကြောင်း ဒေသခံတို့ထံမှ သိရသည်။
ထိုကျားဖြန့်လုပ်ငန်းအတွက် မန်ပန်ပြည်သူ့စစ်က လုံခြုံရေးတာဝန်ယူထားကြောင်း နိုင်ငံရေးတတ်ကျွမ်းနားလည်သည့် လူငယ်တစ်ဉီးက ပြောဆိုသည်။
“အဲ့နယ်မြေတဝိုက်မှာ မန်ပန်နယ်မြေ၊ ကျားဖြန့်က အဲ့မှာလာနေတယ်ဆိုတော့ မန်ပန်ပြည်သူ့စစ်က လုံခြုံရေးယူတယ်။ နောက် လဲချားမြို့နဲ့ ကျေးရွာက ကျားဖြန့်လုပ်မယ်သူကိုလည်း မန်ပန်ပြည်သူ့စစ်ကပဲ လာခေါ်တာ။ ကျားဖြန့်ခေါင်းဆောင်က ခေါ်တာမဟုတ်ဘူး” ဟု အဆိုပါလူငယ်က ပြောသည်။
ထိုကျားဖြန့်လုပ်ငန်းကို လုပ်ရန်အတွက် အသက် ၂၀ အရွယ်အောက်ရှိ လူငယ်များကိုပါ ခေါ်ယူနေသကဲ့သို့ ကျားဖြန့်လုပ်သူများကို ဟင်းချက်ရန်အတွက်ကအစ အလုပ်ခေါ်ယူနေကြောင်း သိရသည်။
“အလုပ်ခေါ်တာကတော့ ကျားဖြန့်လုပ်ဖို့ရော အလုပ်သမားတွေကို ဟင်းချက်တဲ့လူတွေကိုပါ ခေါ်ကြတာ။ တခါလာခေါ်ရင် လူ ၁၀ ဦး ခေါ်တယ်။ သူတို့လည်း သတင်းပျံ့မှာ ကြောက်တယ်လေ။ အဲ့သွားလုပ်တဲ့လူငယ်တွေက လဲချားမြို့ပေါ်က လူငယ်တွေများတယ်” ဟု နိုင်ငံရေးတက်ကျွမ်းကျင်သည့် ဒေသခံလူငယ်က ပြောသည်။
သျှမ်းပြည်အပါအဝင် မြန်မာနိုင်ငံတဝှမ်း၌ စစ်ရေးပဋိပက္ခဖြစ်ပွားချိန်၊ သဘာဝဘေးအန္တရာယ်လည်း ရင်ဆိုင်နေကြရပြီး၊ တဖက်တွင်လည်း အလုပ်အကိုင်ရှားပါးလာကာ ဝင်ငွေရှာဖွေခက်ခဲသည့်အချိန်ကာလ ဖြစ်သည်။
ထို့အပြင် ကုန်စျေးနှုန်းများလည်း တရိပ်ရိပ်တက်လာသည်ကို အခွင့်ကောင်းယူပြီး ကျားဖြန့်လုပ်ငန်းဖြင့် ဒေသခံများကို မက်လုံးပေး မြူဆွယ်နေခြင်းဖြစ်ကြောင်း ဒေသခံများက ပြောဆိုကြသည်။
လက်ရှိအချိန်တွင် ကျားဖြန့်လုပ်ငန်းနှင့် ၎င်းတို့ကို ဟင်းချက်ပေးရန်အတွက် အခြေခံလစာ မြန်မာကျပ်ငွေ ၁၀ သိန်းအထက် မက်လုံးပေးခေါ်ဆောင်မှုများရှိနေသဖြင့် လူငယ်များအတွက် စိုးရိမ်စရာဖြစ်ကြောင်း ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။
“အဓိကတော့ လူငယ်တွေ ငွေရပြီး အကျင့်စာရိတ္တ ပျက်စီးသွားနိုင်တယ်။ ငွေကလည်း လွယ်လွယ်နဲ့ရဆိုတော့ အကျင့်တွေကလည်း ပျက်မှာပဲ။ လူငယ်တွေအတွက် စိုးရိမ်စရာများသလို ဒီကဒေသခံတွေရဲ့ လုံခြုံရေးကလည်း စိုးရိမ်ရတယ်” ဟု ထိုအမျိုးသမီးက ပြောသည်။
သျှမ်းပြည်မြောက်ပိုင်းတွင် ညီနောင်မဟာမိတ် ၃ ဖွဲ့တို့သည် ကျားဖြန့်တိုက်ဖျက်ရေးဆိုသည့် ခေါင်းစဥ်ဖြင့် “၁၀၂၇ စစ်ဆင်ရေး” ကို ဖော်ဆောင်လာခဲ့သော်လည်း လက်ရှိအချိန်ထိ ကျားဖြန့်လုပ်ငန်း ပပျောက်သွားခြင်း မရှိသေးပေ။
သို့သော် သျှမ်းပြည်မြောက်ပိုင်းတခွင်သည် မြို့ပျက်သဖွယ်ဖြစ်ပွားကာ အရပ်သားထိခိုက်သေဆုံးမှုကလည်း များခဲ့ပြီး၊ လက်ရှိအချိန်ထိ စစ်ကောင်စီဘက်ကလည်း လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်နေလျက်ရှိနေသည်။
သျှမ်းပြည်မြောက်ပိုင်းတွင် စစ်ရေးပဋိပက္ခကြောင့် ကျားဖြန့်လုပ်ငန်းလည်း ယခင်ကဲ့သို့ အများအပြားမရှိတော့ဘဲ အနည်းငယ် ကျန်ရှိနေသေးကာ ယခုတွင် သျှမ်းပြည်တောင်ပိုင်း ပြည်သူ့စစ်ထိန်းချုပ်သည့်နေရာသို့ ရွှေ့ပြောင်းလာရောက်ဖွင့်လှစ်ခြင်းဖြစ်သည်ဟု နိုင်ငံရေးတက်သိသူလူငယ်များက ပြောသည်။
“သျှမ်းပြည် မြောက်ပိုင်းမှာလည်း ကျားဖြန့်တိုက်ဖျက်ရေးဆိုပြီး စစ်မီးတွေ တောက်ခဲ့တာ၊ အခုထိပဲလေ။ ကျားဖြန့်က အဲ့ဘက်မှာ လုပ်ရခက်လာတော့ စစ်ကောင်စီထိန်းချုပ်တဲ့နေရာနဲ့ သူတို့ရဲ့ လက်အောက်ခံ ပြည်သူ့စစ်တွေထိန်းချုပ်တဲ့နေရာကို ရွှေ့လာတာပဲ” ဟု နိုင်ငံရေးတက်ကြွလှုပ်ရှားသူ လူငယ်က ထောက်ပြပြောဆိုသည်။
ကျားဖြန့်လုပ်ငန်းသို့ သွားရောက်လုပ်ကိုင်မည့်လူငယ်များအတွက် မိဘများကလည်း တားဆီးရန်လိုအပ်ကြောင်း၊ ကျားဖြန့်လုပ်ငန်းသည် အသက်အန္တရာယ်ကြီးသည့်လုပ်ငန်းဖြစ်ပြီး ထင်သလောက် ငွေမရနိုင်ကြောင်းကို ပြည်သူများသိရန် လိုအပ်ကြောင်းလည်း ၎င်းက ဆက်ပြောသည်။
“ကျနော်တို့ပြည်သူတွေက ကျားဖြန့်ဆိုရင် ငွေပဲမြင်ကြတာ၊ အန္တရာယ်ကို မမြင်ဘူး။ အခန့်မသင့်ရင် ပြန်ထွက်ဖို့တောင်မလွယ်ဘူး။ ကျားဖြန့်လောကထဲ မဝင်စေချင်ဘူး။ အန္တရာယ်များတယ်” ဟု အဆိုပါလူငယ်က ထပ်လောင်းပြောသည်။
လဲချားမြို့နယ်အတွင်း မန်ပန်ပြည်သူ့စစ်အပြင် စစ်ကောင်စီ၊ ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် သျှမ်းပြည်ပြန်လည်ထူထောင်ရေးပါတီ, သျှမ်းပြည်တပ်မတော် (RCSS/SSA) တို့ လှုပ်ရှားသည့် နယ်မြေလည်းဖြစ်သည်။
ကျားဖြန့်လုပ်ငန်းကို အဖက်ဖက်မှ ဆန့်ကျင်နေပြီး လက်ရှိ အမြစ်ပြတ်ချေမှုန်းနိုင်ခြင်းမရှိသေးသည့် အကြောင်းရင်းသည် လက်နက်ကိုင်များ ပါဝင်ပတ်သက်မှုရှိနေခြင်းဖြစ်သည်ဟု နိုင်ငံရေးတက်ကြွ လှုပ်ရှားသူများက ပြောဆိုကြသည်။
သျှမ်းသံတော်ဆင့် ပေးပို့သည်။