လဲချားမြို့နယ်တွင် SSPP နှင့် တိုက်ရန် ပြည်သူ့စစ်များကို စစ်ကောင်စီ ခေါ်ယူဖြည့်တင်းနေ

By MPM 10 ဩဂုတ်, 2023 👁

သျှမ်းပြည်၊ လဲချားမြို့နယ်အတွင်း စစ်ကောင်စီမှ စစ်အင်အားများ ဆက်တိုက် တိုးချဲ့နေသည့်အပြင် ပြည်သူ့စစ်တပ်ဖွဲ့ တစ်ဖွဲ့လျှင် တပ်သား ၁၀၀ ပါဝင်ပေးရန်လည်း တောင်းယူနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များမှ သိရသည်။

စစ်ကောင်စီနှင့် ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် ( SSPP/SSA) တို့ တိုက်ပွဲဖြစ်ပွားပြီး နောက်ပိုင်း လဲချားမြို့နယ်အတွင်း စစ်ရေးတင်းမာလျက် ရှိသည့်အပြင် စစ်ကောင်စီဘက်မှလည်း စစ်အင်အား ဖြည့်တင်းပြီး ဒေသတွင်း ပြည်သူ့စစ်များကို တပ်ဖွဲ့တဖွဲ့လျှင် အင်အား ၁၀၀ ဖြင့် ပါဝင်ပေးရန် တောင်းခံခဲ့ကြောင်း အမည်မဖော်လိုသည့် သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

“အခု လောလောဆယ်တော့ ပြည်သူ့စစ်ဘက်က အင်အား ၃၀၀ ကျော် ရှိပြီလို့ သိရတယ်။ PNO ၊ SSS (မဟာဂျာ) ပြည်သူ့စစ်၊ မက်ကျန်း ပြည်သူ့စစ် ပါတယ်။ နောက်ပြီး နားရိုင်းပြည်သူ့စစ်တွေရော ပါတယ်။ ပြည်သူ့စစ်တပ်ဖွဲ့ တစ်ခုကို အင်အား ၁၀၀ ပါဖို့ တောင်းထားတယ်လို့တော့ ကြားတယ်Ó ဟု အဆိုပါ သတင်းရင်းမြစ်က ပြောဆိုသည်။

လက်ရှိတွင် လဲချားမြို့နယ်အတွင်း နယ်မြေတိုးချဲ့ လုပ်ဆောင်ရန် စစ်ကောင်စီတပ်အတွက် ပါဝင်လာသည့် ပြည်သူ့စစ်တပ်ဖွဲ့သည် PNO အပါအဝင် SSS (မဟာဂျာ) ပြည်သူ့စစ်၊ မက်ကျန်း ပြည်သူ့စစ်နှင့် နားရိုင်း ပြည့်သူစစ်များ ဖြစ်ကြောင်း သိရသည်။

ယခင် လဲချားမြို့အဝင်နှင့် အထွက်ရှိ စစ်ဆေးရေးဂိတ်တွင် စစ်ကောင်စီတပ်သားများ မဟုတ်သည့် ပြည်သူ့စစ်တပ်ဖွဲ့ တပ်သားများက လုံခြုံရေးအတွက် စောင့်ဆိုင်းနေလျက်ရှိကြောင်း လဲချားမြို့ဒေသခံတစ်ဦးက ထပ်လောင်းပြောသည်။

“မနေ့က ထပ်ကြားတာ မြို့အဝင်၊အထွက် လမ်းမကြီးမှာ သဲကျောက်တွေ ခင်းထားလို့ ကားတွေ ဖြတ်သန်း သွားတာ မရတော့ဘူးလို့ ပြောတယ်။ နောက်ပြီး ဂိတ်တွေမှာလည်း အရင်တုန်းက ပြည်သူ့စစ်တွေ စောင့်နေတာ ရှိတယ်လေ။ ဒါက စစ်ရေးအရဆိုတော့ မပြောတတ်ဘူး” ဟု ၎င်းဒေသခံက ပြောသည်။

လဲချားမြို့နယ်အတွင်း ပြီးခဲ့သည့် သြဂုတ် ၆ ရက် တွင် SSPP/SSA နှင့် စစ်ကောင်စီတို့ တိုက်ပွဲ ပြင်းထန်ခဲ့ရာ စစ်ကောင်စီဘက်မှ အကျအဆုံးများခဲ့သည်ဟု သိရသည်။ လက်ရှိတွင်လည်း နှစ်ဘက်တပ်ဖွဲ့အကြား စစ်ရေးတင်းမာနေပြီး တိုက်ပွဲ ပြန်ဖြစ်မည်ကို ဒေသခံပြည်သူများက စိုးရိမ်နေကြသည်။

သျှမ်းသံတော်ဆင့်