လေးကေကော် စစ်ရှောင်ဒေသ ပြည်သူများအား ကူညီကြရန် လူငယ်ကွန်ရက်အဖွဲ့ တောင်းဆို

By MPM 9 အောက်တိုဘာ, 2025 👁

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်တွင်း စစ်ရေးတင်းမာမှုများကြောင့် လေးကေကော်ဒေသမှ တကျော့ပြန် စစ်ဘေးရှောင်နေရသော ပြည်သူများအတွက် ပါဝင်ကူညီကြရန် မြေပြင်တွင် စစ်ရှောင်များအား ကူညီဆောင်ရွက်နေသည့် လေးကေကော် လူငယ်ကွန်ရက် (Lay Kay Kaw Youth Network) အဖွဲ့က တောင်းဆိုလိုက်သည်။

ပြီးခဲ့သည့် စက်တင်ဘာလဆန်းပိုင်းမှစ၍ စစ်အုပ်စုတပ်များသည် ကော့ကရိတ်–မြဝတီအာရှလမ်းပိုင်းကို ထိုးဖောက်ပြီးနောက် မြဝတီမြို့တောင်ပိုင်းဘက်သို့ ဆက်လက်ထိုးစစ်ဆင်မှုကြောင့် အဆိုပါဒေသခံများ တဖန် စစ်ဘေးရှောင်နေရခြင်း ဖြစ်သည်။

လတ်တလော လေးကေကော်ဒေသအတွင်း တိုက်ပွဲဆက်လက်ပြင်းထန်နေဆဲဖြစ်ကာ စစ်ဘေးရှောင်များသည် အရေးပေါ်ထွက်ပြေးလာရသည့် အခြေအနေများကြောင့် ရေရှည်ရပ်တည်နိုင်ရန် အကူအညီများ လိုအပ်လျက်ရှိကြောင်း လူငယ်အဖွဲ့ဝင်ဖြစ်သူ နော်ဂျက်က ယခုလို ပြောသည်။

“ကြည့်လိုက်တာနဲ့ မြင်နေရတာတွေက သူတို့ ကြုံတွေ့နေရတာတွေက အရမ်းကို စိတ်ထိခိုက်စရာကောင်းတယ်။ တော်တော်လေးကို ဒုက္ခရောက်နေကြတာ။ အဲ့ဒါကြောင့် ဖြစ်နိုင်ရင် အဖွဲ့အစည်းတွေ ဖြစ်စေပါဦး။ ပြောရရင် အခုချိန်မှာ သူတို့နဲ့ လာရောက်ဆက်သွယ်ပြီး အကူအညီတွေ လာဆက်ပေးစေချင်သေးတယ်။ အခုက သူတို့ခြေထောက်ပေါ်မှာ ရပ်တည်ဖို့ မလွယ်ကူသေးတာကြောင့် လာကူညီစေချင်တယ်” ဟု ကေအိုင်စီသို့ ပြောသည်။

လက်တလော နေရပ်စွန့်ခွာ စစ်ဘေးရှောင်လာသူများသည် စားဝတ်နေရေး၊ အမိုးအကာအောက် ရောက်ရှိနေထိုင်စေရေး၊ ကျန်းမာရေးစောင့်ရှောက်မှု ပေးနိုင်ရေးအတွက် တစ်ပိုင်တစ်နိုင် အလှူရှင်များ၊ စစ်ရှောင်အရေး ကူညီဆောင်ရွက်သူများနှင့် ကရင်အရပ်ဖက်အဖွဲ့အစည်းများ၏ အကူအညီဖြင့်သာ စောင့်ရှောက်နေကြရကြောင်း မြေပြင်တွင်အကူအညီပေးနေသည့် လူငယ်များထံမှ သိရသည်။

မြဝတီမြို့ တောင်ဘက်ပိုင်းရှိ လေးကေကော်ဒေသရှိ စစ်တပ်စခန်းကုန်းအားလုံးကို တော်လှန်ရေး ပူးပေါင်းတပ်များဘက်က တိုက်ခိုက်သိမ်းပိုင်းနိုင်ခဲ့သောကြောင့် ယခုနှစ်ဆန်းပိုင်းမှစတင်ကာ စစ်ဘေးရှောင်များ မိမိတို့ဒေသကို ပြန်လည်ဝင်ရောက်နေထိုင်ခဲ့သည်။

သို့သော် မကြာသေးမီက စစ်တပ်က အာရှလမ်းမကို ပြန်လည်ထိုးဖောက်ဝင်ရောက်နိုင်မှုကြောင့် အဆိုပါဒေသရှိ ဒေသခံများသည် တကျော့ပြန် စစ်ရှောင်ခဲ့ကြရခြင်းဖြစ်သည်။

ယခုလို မကြာခဏ စစ်ရှောင်ရခြင်းသည် ပြည်သူများကိုသာ ထိခိုက်နစ်နာစေပြီး စစ်ဘေးရှောင်နေကြသည့် အနာဂတ်မျိုးဆက်သစ် ကလေးငယ်များ၏ အခွင့်အရေးသည်လည်း များစွာ ထိခိုက်စေသောကြောင့် စစ်ပွဲကို အမြန်ဆုံး ရပ်စေချင်ကြောင်း နော်ဂျက်က ဆက်လက်ပြောဆိုသည်။

“အခုအခြေအနေတွေကြောင့် ကျမတို့ရဲ့ နောင်လာမဲ့ အနာဂတ် ကလေးငယ်တွေရဲ့ အခွင့်အရေးကို အများကြီး ထိခိုက်စေတယ်။ ပညာရေးဖြစ်စေ၊ ဖွံ့ဖြိုးတိုးတက်ရေးဖြစ်စေ အများကြီး ထိခိုက်တယ်။ ဒါကြောင့် ဖြစ်နိုင်ရင် ဒါကို အမြန်ဆုံး ရပ်တန့်စေချင်တယ်” ဟု ပြောသည်။

လက်ရှိတွင် စစ်တပ်ဘက် နယ်မြေခံ နယ်ခြားစောင့်တပ် (BGF) ၏ အကူအညီပေးမှုနှင့် လေးကေကော်ဒေသကို လေကြောင်းတိုက်ခိုက်မှုအပြင် လက်နက်ကြီး နေ့စဉ်ပစ်ခတ်လျက်ရှိသည်။

၎င်းအပြင် မြေပြင်စစ်ကြောင်းထိုးမှုများ လုပ်ဆောင်နေသောကြောင့် နှစ်ဖက်တိုက်ပွဲ ဆက်လက်ပြင်းထန်နေကြောင်း ဒေသတွင်း သတင်းဖော်ပြချက်အရ သိရသည်။

မြဝတီမြို့နယ် လေးကေကော်ဒေသ တိုက်ပွဲကြောင့် လက်ရှိ လေးကေကော်အပါအဝင် ဖလူးကျေးရွာအုပ်စုရှိ ကျေးရွာငယ် ၈ ရွာမှ ထိုင်း–မြန်မာ နယ်စပ် သောင်ရင်းမြစ်ဘေးနေရာများတွင် နေရပ်စွန့်ခွာ စစ်ဘေးရှောင်နေရသူ ၃,၄၀၀ ကျော်ရှိသည်။

အဆိုပါ စစ်ဘေးရှောင်များသည် စစ်အုပ်စု၏ လေကြောင်းတိုက်ခိုက်မှု စိုးရိမ်မှုအခြေအနေအောက်၌ နေထိုင်ကြရသည်ဟု စစ်ဘေးရှောင်အရေး ကူညီသူများက ပြောသည်။

ကေအိုင်စီ