16 မေ 2025 /

See today's Peace Related News

Homeသတင်းလောင်းလုံး PDF ထံ စစ်မှုထမ်းတပ်သား ၅ ဦး အလင်းဝင်

လောင်းလုံး PDF ထံ စစ်မှုထမ်းတပ်သား ၅ ဦး အလင်းဝင်

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်တွင် စစ်မှုထမ်းသင်တန်းဆင်း တပ်သား၅ ဦးက ဆက်သွယ်၍ အလင်းဝင်လာသည်ဟု လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) က သတင်းထုတ်ပြန်သည်။

အလင်းဝင်လာသည့် စစ်မှုထမ်းတပ်သားများမှာ ထားဝယ်အခြေစိုက် စစ်ကောင်စီရဲ့ အမှတ် ၂၅ ခြေလျင်တပ်ရင်းကဖြစ်ပြီး ပြီးခဲ့သည့် ဇန်နဝါရီဒုတိယအပတ်မှ စတင်ကာ လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ ချိတ်ဆက်ပြီး အလင်းဝင်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

ထိုစစ်မှုထမ်းတပ်သား ၅ ဦးဟာ ဇန်နဝါရီ ၁၁ ရက်နေ့နှင့် ၁၂ ရက်နေ့ကစပြီး တစ်ယောက်ချင်းစီ ဆက်သွယ်ဝင်ရောက်လာခြင်းဖြစ်သလို နောက်ဆုံးအလင်းဝင်လာသူမှာ ပြီးခဲ့သည့် ဖေဖော်ဝါရီ ၆ ရက်နေ့က ဆက်သွယ်၍ အလင်းဝင်ခဲ့သည်ဟု လောင်းလုံး (ပကဖ) ပြန်ကြားရေးတာဝန်ခံက ပြောသည်။

စစ်မှုထမ်း အပတ်စဉ် ၁ နှင့် ၂ သင်တန်းဆင်းများဖြစ်သည့် စစ်ကောင်စီတပ်သား ၅ ဦးကို လောင်းလုံး (ပကဖ) က လုံခြုံသည့်နေရာတွင် သွားရောက်ကြိုဆိုခဲ့ပြီး ယင်းတို့ထဲတွင် လက်နက်ခဲယမ်း ယူဆောင်လာသူတစ်ဦး ပါဝင်သည်ဟု ဆိုသည်။

အလင်းဝင်လာသည့် တပ်သားများကို လောင်းလုံး (ပကဖ) က ဆုငွေကျပ် တစ်သိန်းဆီ ချီးမြှင့်ထားပြီး လက်နက်ခဲယမ်း ယူဆောင်လာတဲ့သူကိုတော့ နောက်ထပ်ဆုကြေးငွေ ပေးအပ်ချီးမြှင့်သွားမည်ဟု ဆိုသည်။

အလင်းဝင်လာသည့် စစ်မှုထမ်းတပ်သား ၅ ဦးထဲမှ တချို့သည် လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ရဲဘော်အဖြစ် တာဝန်ထမ်းဆောင်မည်ဖြစ်ပြီး တချို့မှာ ပြည်ပထွက်ခွာမည့်သူလည်းရှိသည်ဟု သိရသည်။

ကျန်ရှိနေသော စစ်ကောင်စီတပ်သားများအနေနှင့် အာဏာသိမ်းစစ်ကောင်စီလက်အောက်မှ အချိန်မရွေး ဆက်သွယ်ကူးပြောင်းနိုင်ပြီး ကူးပြောင်းလာသူများကိုလည်း အမြဲကြိုဆိုနေသည်ဟု အသိပေးထားသည်။

ပြီးခဲ့သည့် ဇန်နဝါရီလအတွင်းက စစ်ကောင်စီအရာရှိအဆင့် ဗိုလ်မှူးတစ်ဦးအပါအဝင် တပ်သားနှင့် ရဲ ၁၃၆ ဦး အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု ပါဝင်လာပြီး ပြည်သူ့ရင်ခွင်ခိုလှုံလာခဲ့သည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ NUG က ထုတ်ပြန်ထားသည်။

သံလွင်တိုင်းမ် ပေးပို့သည်။