လောင်းလုံးမြို့ပေါ်ပစ်ခတ်မှုအတွင်း အရပ်သား ၂ ဦး သေဆုံး ၈ ဦး ဒဏ်ရာရ

0
235
Photo -Social Media

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့ပေါ်တွင် ဖြစ်ပွားခဲ့သည့် နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှုအတွင်း အရပ်သား ပြည်သူ ၂ ဦး သေဆုံးပြီး ၈ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်းနှင့် နှစ်ဖက်တပ်များဘက်လည်း ထိခိုက်သေဆုံးမှုများ ရှိခဲ့ကြောင်း ဒေသခံများက ပြောပါသည်။

ဒီဇင်ဘာ ၂၀ ရက်နေ့ မနက် ၈ နာရီခန့်က လောင်းလုံးမြို့အဝင် အုန်းသီးဆိုင်းဘုတ်အနီးတွင် စစ်ကောင်စီ ယာဉ်တန်းကို မိုင်းထောင်ရန် စောင့်ဆိုင်းနေသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၂ ဦး ဖမ်းဆီးသတ်ဖြတ်ခံရပြီး နောက် မီးရှို့ခံခဲ့ရမှု ဖြစ်ပွားခဲ့သည်။

အဆိုပါဖြစ်စဉ်ပြီးနောက် ယင်းနေ့ ညနေ ၅ နာရီခန့်တွင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့များက လောင်းလုံး မြို့ရှိ စစ်ကောင်စီတပ်နှင့် ပြည်သူ့စစ်အဖွဲ့များ တပ်စွဲထားသော နေရာသုံးခုကို တပြိုင်နက်တည်း ဝင်ရောက်တိုက် ခိုက်ခဲ့သည်ဟု ဆိုသည်။

နှစ်ဖက်တပ် အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့သည့် အဆိုပါတိုက်ခိုက်မှုအတွင်း မြို့ခံလင်မယားနှစ်ဦး လက်နက်ကြီး ထိမှန်သေဆုံးခဲ့သလို အရပ်သားပြည်သူ ၈ ဦး ထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။

ဒဏ်ရာရရှိသူများတွင် အမျိုးသမီးတစ်ဦးနှင့် အမျိုးသားတစ်ဦးမှာ စိုးရိမ်ရသည့် အခြေအနေကြောင့် ထားဝယ် ပြည်သူ့ဆေးရုံထံ အရေးပေါ်ပို့ဆောင်ထားကြောင်း မြို့ခံများက ပြောသည်။

နှစ်ဖက်ပစ်ခတ်မှုပြီးနောက် လောင်းလုံးအထက်တန်းကျောင်း၌ တပ်စွဲထားသော စစ်ကောင်စီစစ်ဆေးရေးဂိတ်နှင့် ညောင်ပင်လမ်းဆုံရှိ စစ်မှုထမ်းဟောင်းရုံးတို့ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့က မီးရှို့ဖျက်ဆီးခဲ့သလို ပြည်သူ့စစ် အဖွဲ့ဝင်တစ်ဦးကိုလည်း ဖမ်းဆီးရမိကြောင်း သိရသည်။

ပစ်ခတ်မှုပြီးနောက်နေ့ မနက်ပိုင်းကစပြီး မြို့တွင်း၌ စစ်ကောင်စီတပ်က လုံခြုံရေးတိုးမြှင့်ထားသလို ပိတ်ဆို့ရှာဖွေ စစ်ဆေးမှုများ လုပ်ဆောင်နေကြောင်းလည်း သိရသည်။

လောင်းလုံးမြို့နယ်တွင် ယခုလအတွင်း စစ်ကောင်စီတပ်က သဗျာ၊ ညင်းမောင် အပါအဝင် ကျေးရွာ ၅ ရွာ၏ ဒေသခံနေအိမ်များထံမှ ရွှေ၊ ငွေ၊ တန်ဖိုးရှိ ပစ္စည်းများကို ဓားပြသဖွယ် အတင်းအဓမ္မ သိမ်းယူခဲ့ကြောင်းလည်း ဒေသခံများ၏ ပြောဆိုချက်များအရ သိရသည်။

သံလွင်တိုင်းမ် ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here