လောင်းလုံးမြို့ပေါ်တွင် ကင်းလှည့်လာသည့် စစ်ကောင်စီတပ်တိုက်ခိုက်ခံရပြီး ၄ ဦးသေဆုံး

By MPM 29 ဧပြီ, 2025 👁

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင် လောင်းလုံးမြို့ပေါ်တွင် ကင်းလှည့်ထွက်လာသည့် စစ်ကောင်စီတပ် ပစ်ခတ်တိုက်ခိုက်ခံရတာကြောင့် ၄ ဦးသေဆုံးခဲ့သည်ဟု တော်လှန်ရေးတပ်ဖွဲ့တို့က ပြောဆိုသည်။

ဧပြီ ၂၈ ရက်၊ နေ့လည် ၁ နာရီခန့်က အင်အား ၆ ဦးဝန်းကျင်နှင့် ကင်းလှည့်ထွက်လာသော စစ်ကောင်စီတပ်ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

ပျူစောထီးခေါင်းဆောင်ဦးဆောင်ပြီး ကင်းလှည့်ထွက်လာသည့် စစ်ကောင်စီတပ်ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့က လောင်းလုံးမြို့ပေါ် အထက (၁) စာသင်ကျောင်းနားတွင် ပစ်ခတ်တိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

ယင်းတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ဦး သေဆုံးခဲ့ပြီး တစ်ဦးမှာ သေနတ်ဒဏ်ရာနှင့် ထွက်ပြေးလွတ်မြောက်သွားသည်ဟု တော်လှန်ရေးတပ်ဖွဲ့တို့က ပြောသည်။

ယင်းအပြင် နှစ်ဖက်ပစ်ခတ်မှုအတွင်း လောင်းလုံးမြို့မရဲစခန်းနှင့် စရဖရုံးက လက်နက်ကြီးနှင့် ပစ်ကူပေးသည့်အပြင် ပင်လယ်ပြင်အတွင်းရှိ စစ်သင်္ဘောကလည်း စမ်းလှန်းရွာအရှေ့ကို မောင်းဝင်လာသည်ဟု သိရသည်။

အလားတူ ပြီးခဲ့သည့် မတ်လ ၉ ရက်နေ့ကလည်း လောင်းလုံးမြို့နယ် ကျောက်နီမော်ကျေးရွာရှိ စစ်ကောင်စီနှင့် ပျူစောထီးပူးပေါင်းစခန်း ဒရုန်းနှင့်တိုက်ခိုက်ခံရတာကြောင့် ပျူစောထီး ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သေးသည်။

သံလွင်တိုင်းမ် ပေးပို့သည်။