တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ် ရေဖြူကျေးရွာအုပ်စု သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းစဉ်တွင် ပါဝင်ဆောင်ရွက်နေသည့် ကျောင်းဆရာမ ၈ ဦးနှင့် ရုံးစာရေးမ ၁ ဦးကို ဖမ်းဆီးခဲ့သည်ဟု လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) ပြောဆိုမှုအရ သိရသည်။
လောင်းလုံးမြို့မှ ထားဝယ်မြို့ကို သန်းခေါင်စာရင်းကောက်ရန်သွားသည့် ကျောင်းဆရာမ ၁ ဦးကို အောက်တိုဘာ ၆ ရက်နေ့ မနက်ပိုင်းက လောင်းလုံး – ထားဝယ်လမ်းပိုင်းတွင် စတင်ဖမ်းဆီးခဲ့သည်ဟု လောင်းလုံး PDF က ဆိုသည်။
ယင်းနေ့ ညနေပိုင်းတွင်လည်း ထားဝယ်မြို့ကနေ သန်းခေါင်စာရင်းကောက်ယူပြီး ပြန်လာသည့် ကျောင်းဆရာမ ၇ ဦးနှင့် ရုံးစာရေး ၁ ဦးကို ရေဖြူကျေးရွာအုပ်စုရှိ နေအိမ်များ၌ ဝင်ရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
ဖမ်းဆီးထားသည့် သန်းခေါင်စာရင်းကောက်ယူသူများကို စစ်ဆေးမှုလုပ်ဆောင်နေပြီး စစ်ဆေးမှုပြီးစီးပါက လောင်းလုံးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံ လွှဲပြောင်းပေးသွားမည်ဟု လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောဆိုသည်။
သန်းခေါင်စာရင်းကောက်ယူမှုတွင် ပါဝင်ဆောင်ရွက်နေသည့် လောင်းလုံးမြို့နယ် ရေဖြူကျေးရွာအုပ်စုတွင်နေထိုင်သော ကျောင်းဆရာမ ဒေါ်မေမီမိုး၊ ဒေါ်ဥမ္မာထွန်း၊ ဒေါ်ခင်အေးဆက်၊ ဒေါ်ရင်ရင်စိုး၊ ဒေါ်မြအေး၊ ကျောင်းအုပ်ဆရာမ ဒေါ်ဖြူဖြူထွေးနှင့် ရေဖြူကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံးမှ စာရေးဖြစ်သူ ဒေါ်သီတာတို့ ၇ ဦး ဖမ်းဆီးခံခဲ့ရသည်ဟု စစ်ကောင်စီက အောက်တိုဘာ ၇ ရက်နေ့မှာ သတင်းထုတ်ပြန်ပြောသည်။
သန်းခေါင်စာရင်း ကောက်ယူသူများကို ဖမ်းဆီးမှုအပေါ် ပြည်သူတရပ်လုံး ကန့်ကွက်ရှုတ်ချကြရန်နှင့် လုံခြုံရေးတပ်ဖွဲ့များအနေနှင့် လိုအပ်သည့်လုံခြုံရေးကို တိုးမြှင့်ဆောက်ရွက်ကြရန် စစ်ကောင်စီက တိုက်တွန်းထားသည်။
စစ်ကောင်စီက မြန်မာနိုင်ငံတစ်ဝန်း ၎င်းတို့ထိန်းချုပ်နိုင်သည့် နယ်မြေများတွင် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူမှုကို အောက်တိုဘာ ၁ ရက်နေ့မှ ၁၅ ရက်နေ့အထိ ကောက်ယူသွားမည်ဖြစ်ကြောင်းနှင့် ထိုသို့ကောက်ယူနိုင်ရန် လူအင်အား လေးသောင်းနှစ်ထောင်ခန့် အသုံးပြု၍ သန်းခေါင်စာရင်း ကောက်ယူနေသည်ဟု အောက်တိုဘာလ ၂ ရက်နေ့တွင် စစ်ကောင်စီက သတင်းထုတ်ပြန်ခဲ့သည်။
ထားဝယ်ခရိုင်အတွင်းက မြို့နယ်သုံးခုတွင် အောက်တိုဘာ ၁ ရက်နေ့ကစတင်၍ သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းများ ဆောင်ရွက်နေခြင်းဖြစ်ပြီး လောင်းလုံးမြို့နယ်တွင်မူ လက်ရှိအချိန်ထိ သန်းခေါင်စာရင်းကောက်ယူမှု မရှိသေးကြောင်း သိရသည်။
လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က စစ်ကောင်စီ၏ သန်းခေါင်စာရင်းကောက်ယူမှုတွင် ပါဝင်ပတ်သက်သူများကို ပြင်းပြင်းထန်ထန် အရေးယူသွားမည်ဟု သတိပေးစာ ထုတ်ပြန်ထားသလို ပြည်သူများအနေနှင့် မပူးပေါင်းကြရန်လည်း တိုက်တွန်းထားသည်။
သံလွင်တိုင်းမ် ပေးပို့သည်။