23 ဧပြီ 2025 /

See today's Peace Related News

သတင်းလောင်းလုံးက တပ်စခန်းနှစ်ခု တိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီက လေကြောင်းနှင့်ဗုံးကြဲ

လောင်းလုံးက တပ်စခန်းနှစ်ခု တိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီက လေကြောင်းနှင့်ဗုံးကြဲ

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ် စမ်းလှမ်းကျေးရွာအနီးရှိ လက်ခတ်တောင် တာဝါတိုင်ကုန်းစခန်းနှင့် မောင်းမကန်ရဲစခန်းတို့ တိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီဘက်က လေယာဉ်နှင့် ဗုံးကြဲတိုက်ခိုက်သွားကြောင်း ဒေသခံများနှင့် တော်လှန်ရေးတပ်ဖွဲ့များ ပြောဆိုမှုအရ သိရသည်။

စစ်ကောင်စီ၏ လက်ခတ်တောင်တာဝါတိုင်ကုန်းစခန်းနှင့် မောင်းမကန်ရဲစခန်းတို့ကို မတ် ၁၃ ရက်နေ့ မနက်ပိုင်းက တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့များက တပြိုင်နက်တည်း ဝင်ရောက်တိုက်ခိုက်ခဲ့သည့်အတွက် နှစ်ဖက်တိုက်ပွဲ ပြင်းထန်ခဲ့သည်ဟု ဆိုသည်။

လက်ခတ်တောင်တာဝါတိုင်ကုန်းစခန်း တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က မတ် ၁၃ ရက်နေ့ မနက် ၁၀ နာရီအချိန်ခန့်က လေကြောင်းတိုက်ခိုက်မှု တကြိမ်၊ နေ့လည် ၁၂ နာရီလောက်မှာ လေယာဉ်နဲ့ဗုံးကြဲတိုက်ခိုက်မှု တကြိမ် ပစ်ခတ်သွားကြောင်း တော်လှန်ရေးတပ်ဖွဲ့များက ပြောသည်။

မောင်းမကန်ရဲစခန်းတိုက်ပွဲအတွင်း စမ်းလှမ်းကျေးရွာအနီး ပင်လယ်ပြင်တွင်ရပ်ထားသော စစ်သင်္ဘောကနေ လက်နက်ကြီးပစ်ကူပေးခဲ့သည်ဟု တော်လှန်ရေးတပ်ဖွဲ့တာဝန်ရှိသူတို့က ပြောဆိုသည်။

လောင်းလုံးတိုက်ပွဲအတွင်း အရပ်သားပြည်သူတချို့ ထိမှန်ဒဏ်ရာရရှိထားကြောင်း သိရသော်လည်း အရေအတွက်ကို ဆက်လက်စုံစမ်းနေဆဲဖြစ်ပြီး နှစ်ဖက်တပ်ကြားတိုက်ပွဲမှာ ညနေ ၃ နာရီအချိန်ခန့်၌ သေနတ်အသံများ ရပ်နားသွားသည်ဟု ဒေသခံများက ပြောဆိုသည်။

လောင်းလုံးမြို့နယ်က စစ်ကောင်စီတပ်စခန်းနှစ်ခု တိုက်ခိုက်ခံရတဲ့ အခြေအနေနှင့်ပတ်သက်ပြီး စစ်ကောင်စီဘက် သာမက တော်လှန်ရေးတပ်ဖွဲ့ဘက်ကလည်း လက်ရှိအချိန်ထိ တစုံတရာ သတင်းထုတ်ပြန်ခြင်း မတွေ့ရသေးပေ။

ပြီးခဲ့သည့် မတ်လ ၈ ရက်နေ့ကလည်း လောင်းလုံးမြို့ပေါ်ရှိ စရဖ၊ ထွေအုပ်နှင့် ရဲစခန်းတို့ကို တော်လှန်ရေး ပူးပေါင်းတပ်တို့က ဝင်ရောက်တိုက်ခိုက်ခဲ့သည့်အတွက် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးထက်မနည်း သေဆုံးခဲ့သည်။

သံလွင်တိုင်းမ် ပေးပို့သည်။