လေတပ်နှင့် ရေတပ်အန္တရာယ်ကြောင့် ဝီရဌာနီ စစ်ဘေးရှောင်များ စားဝတ်နေရေး ပိုကျပ်တည်းလာ

By MPM 4 နိုဝင်ဘာ, 2026 👁 46

ရခိုင်ပြည်နယ်၊ ပေါက်တော (ဝီရဌာနီ) မြို့နယ်တွင် အာဏာသိမ်းစစ်တပ်၏ လေကြောင်း၊ ရေကြောင်းပစ်ခတ်မှုနှင့် စစ်တွေ (ဒကစ) အမြောက်တပ်ရင်းများမှ လက်နက်ကြီး/ငယ်များပစ်ခတ်မှုများကြောင့် စစ်ဘေးရှောင်များ၏ နေထိုင်စားသောက်ရေးမှာ ပိုပြီးကျပ်တည်းလာနေကြောင်း သိရသည်။

ဝီရဌာနီမြို့ပေါ်နှင့် အနီးနားကကျေးရွာများကို အာဏာသိမ်းစစ်တပ်က၊ လက်နက်ကြီး၊ နေဗီနှင့် လေကြောင်း တို့ကနေ တိုက်ခိုက်မှုများ နေ့စဉ်ရှိနေသည်။

“အခုလို လေကြောင်းပစ်ရင်တော့ ပြည်သူတွေက တော်တော်ခက်ခဲပါတယ်။ ဖြစ်နိုင်ရင်တော့ စစ်ကို အမြန်ဆုံး ပြီးမြောက်စေချင်ပါတယ်။ ပြည်သူတွေလည်း တော်တော်ကြောက်လန့်နေကြပါတယ်။ စစ်တပ်ရဲ့ လုပ်ရပ်ကြောင့် စစ်ဘေးရှောင်တွေ ပိုပြီး ခက်ခဲနေကြတယ်” ဟု ဝီရဌာနီ စစ်ဘေးရှောင်တစ်ဦးက ပြောသည်။

ဝီရဌာနီ ဒေသခံများမှာ ရေလုပ်ငန်းကို အဓိက မှီခိုပြီးလုပ်ကိုင်စားသောက်သူများဖြစ်ပြီး အခြား ဆက်သွယ်ရေးတွင်လည်း ရေကြောင်းကိုသာ အဓိထား ခရီးသွားရသဖြင့် လက်ရှိတွင် သွားလာရေး အခက်အခဲများစွာ ရှိနေကြောင်း ပြောသည်။

ဝီရဌာနီမြို့နယ်တွင် စစ်ဘေးရှောင်သောင်းနှင့်ချီ နေထိုင်ကြပြီး ၎င်းတို့မှာ ထောက်ပံ့မှု တစုံတစ်ရာ မရသည့်အပြင် စစ်တပ်၏ နေဗီများက ပစ်ခတ်ဖမ်းဆီးမှုကြောင့် ငါးဖမ်းမထွက်ရသဖြင့် စားဝတ်နေရေး ခက်ခဲနေကြောင်း သိရသည်။

“စစ်ရှောင်တွေ အဖက်ဖက်မှာ ခက်ခဲနေကြပါတယ်။ တစ်ခုခုဆိုရင် အဖွဲ့တွေကို အကူညီတောင်းရန် ကမ်းတစ်ဖက်ကို ကူးတို့ ကူးဖို့အတွက် ငွေမရှိကြဘူး။ လေကြောင်းနဲ့ လက်နက်အန္တရာယ်ကြောင့် နေထိုင်စားသောက်ရေးအပြင် ကျန်းမာရေး စောင့်ရှောက်မှုတွေ အရေးပေါ် လိုအပ်နေပါတယ်” ဟု ပရဟိတလုပ်ကိုင်နေသူ မဒိုလေးက DMG ကို ပြောသည်။

လက်ရှိမှာ ဝီရဌာနီမြို့နယ်၊ ဆင်တက်မော်ကျေးရွာတွင် စစ်ဘေးရှောင် အိမ်ထောင်စု ၁၀၀ ကျော်ရှိပြီး လူဦးရေ ၄၀၀ ကျော် နေထိုင်ကြောင်း သိရသည်။

ယင်းထဲတွင် အိမ်ထောင်စု ၂၀ ကျော်မှာ နေထိုင်စားသောက်ရေး ဆိုးရွားနေပြီး အရေးပေါ် အကူအညီများ လိုအပ်နေကြောင်း ပြောဆိုကြသည်။

ဝီရဌာနီမြို့နယ်အတွင်း အာဏာသိမ်းစစ်တပ်သည် လေကြောင်းနှင့် လက်နက်ကြီးပစ်ခတ်မှုများ တိုးမြှင့် လုပ်လာနေ၍ အရပ်သားထိခိုက်သေဆုံးမှုများလည်း မြင့်တက်လာနေသည်။

နိုဝင်ဘာ ၁ ရက်ကလည်း ဝီရဌာနီမြို့ပေါ်နှင့် ရွာချောင်းကြီးကျေးရွာတို့ကို စစ်တပ်က လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် ဒေသခံ အမျိုးသမီး ၃ ဦးနှင့် အမျိုးသား ၂ ဦး စုစုပေါင်း ၅ ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြသည်။

စစ်တွေ- ဝီရဌာနီပေါက်တောနယ်စပ် ငပြီးကျွန်းတွင် အာဏာသိမ်းစစ်တပ်နှင့် အာရက္ခတပ်တော်တို့ကြား တိုက်ပွဲ ဆက်လက်ပြင်းထန်နေပြီး လေကြောင်းအပါအဝင် စစ်နေဗီများက လက်နက်ကြီး တရက်ဆက်ပစ်ခတ်မှုကြောင်း ဒေသခံနှင့်စစ်ဘေးရှောက်များ စိုးရိမ်စိတ် မြင့်တက်နေသည်။

DMG