လေကြောင်းတိုက်ခိုက်မှုကြောင့် ချင်းလူမျိုး ၂၈၀ နီးပါးသေဆုံးခဲ့ဟု ICA ထုတ်ပြန်

By MPM 4 မတ်, 2025 👁 5

ချင်းပြည်နယ်နှင့် ချင်းပြည်နယ်ပြင်ပရှိ ချင်းလူမျိုးများနေထိုင်ရာကို စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ချင်းလူမျိုး ၂၈၀ ဦး သေဆုံးပြီး လူနေအိမ်၊ ဘာသာရေးနှင့် အစိုးရအဆောက်အဦး ၁၄၀၀ ကျော် ပျက်စီးခဲ့ရသည်ဟု ချင်းရေးရာအဖွဲ့ချုပ် – ICA က မတ်လ ၄ ရက်နေ့တွင် ထုတ်ပြန်သည်။

စစ်အာဏာသိမ်းချိန်မှ ၂၀၂၅ ဖေဖော်ဝါရီလအထိ ၄ နှစ်ကျော်ကာလအတွင်း စစ်ကောင်စီသည် ချင်းလူမျိုးများ အပေါ်တွင် လေကြောင်းတိုက်ခိုက်မှု အကြိမ်ရေ ၂၅၀ ပြုလုပ်ခဲ့ရာ ချင်းအရပ်သားပြည်သူ ၂၀၀ ကျော်နှင့် ချင်းတော်လှန်ရေးအဖွဲ့ဝင် ၈၀ ကျော် သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူ ၄၅၀ ကျော် ရှိသည်ဟု ICA က ဆိုသည်။

ICA မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဗန်ဆွီးစံက “စစ်ကောင်စီဟာ မြေပြင်မှာ အပြန်အလှန်တိုက်ခိုက်မှုတွေ ရှိလာချိန်မှာ စစ်ကောင်စီဘက်က အခြေအနေမဟန်တာ၊ အထိအခိုက်များတာတို့ကြရင် လေကြောင်းတိုက်ခိုက်မှု ပိုမိုများပြားတာကို တွေ့ရတယ်။ နောက်တခုက သူတို့ လုံးဝ ထိန်ချုပ်ချင်တယ်လို့ ယူဆရတဲ့နေရာတွေမှာ လေကြောင်းတိုက်ခိုက်မှု ပိုမိုအသုံးပြုတယ်” ဟု ပြောသည်။

ချင်းပြည်နယ်အတွင်း ချင်းအရပ်သားပြည်သူ ၁၀၀ ကျော်သေဆုံးပြီး တော်လှန်ရေးအဖွဲ့ဝင် ၅၆ ဦးထက်မနည်း သေဆုံးကြောင်း၊ ချင်းပြည်နယ်ပြင်ပရှိ ချင်းလူမျိုများနေထိုင်သော ဒေသတွင်လည်း ချင်းအရပ်သား ၁၀၀ ကျော် သေဆုံးပြီး ချင်းတော်လှန်ရေး အဖွဲ့ဝင် ၂၀ ထက်မနည်းတို့သည် လေကြောင်းဗုံးကြဲမှုကြောင့် သေဆုံးရခြင်းဖြစ်သည်ဟု ICA က ဆိုသည်။

ချင်းပြည်ပြင်ပဆိုသည်မှာ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနှင့် ရခိုင်ပြည်တို့ရှိ လေကြောင်းတိုက်ခိုက်မှုခံရသည့် ချင်းလူမျိုးများ၏ အခြေအနေကို ICA က ပြုစုဖော်ပြခြင်း ဖြစ်သည်။

“လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးမှုတွေထဲ ချင်းအမျိုးသမီးရဲဘော်တွေလည်း ပါပါတယ်။ Camp Victoria ကို လေကြောင်းတိုက်ခိုက်လို့ ချင်းအမျိုးသမီးရဲဘော်တွေ သေဆုံးတာရှိတယ်။ တချို့နေရာတွေမှာလည်း အမျိုးသမီးရဲဘော်တွေ သေဆုံးရတာရှိတယ်။ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးရတဲ့ တော်လှန်ရေး ချင်းအမျိုးသမီး ရဲဘော်တွေက ၁၀ ဦးနီးပါးတော့ ရှိပါတယ်” ဟု ဗန်ဆွီးစံက ပြောသည်။

လေကြောင်းက ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူသေဆုံးမှုမှာ ၇၁ ရာခိုင်နှုန်းရှိပြီး ချင်းတော်လှန်ရေး တပ်ဖွဲ့သေဆုံးမှုမှာ ၂၉ ရာခိုင်နှုန်းသာရှိသည့်အတွက် စစ်ကောင်စီသည် အရပ်သားပြည်သူကိုဦးတည်၍ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခြင်းဖြစ်သည်ဟု ICA က ဆိုသည်။

နေအိမ်အဆောက်အဦး ၁၃၈၄ လုံး ၊ ဘာသာရေးအဆောက်အဦး ၃၉ လုံး၊ အစိုးရအဆောက်အဦး ၄၀ ကျော်တို့ လေကြောင်း ဗုံးကြဲမှုကြောင့် ပျက်စီးရသည်ဟု သိရသည်။

စစ်ကောင်စီသည် လေကြောင်းတိုက်ခိုက်မှု အကြိမ်ရေ ၂၅၀ ပြုလုပ်ရာတွင် ဗုံအလုံးရေ ၁၃၀၀ ကျော်ကြဲချ တိုက်ခိုက်သည်ဟု သိရသည်။ (လေကြောင်းတိုက်ခိုက်မှု ရေတွက်ရာတွင် တရက်တွင် တိုက်ပွဲတနေရာကို တကြိမ်ဟု ရေတွက်သည်။)

အာဏာသိမ်းကာလအတွင်း စစ်ကောင်စီသည် ချင်းပြည်နယ်နှင့် ချင်းပြည်ပြင်ပတွင် လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှု၊ ဖမ်းဆီးသတ်ဖြတ်မှု အပါအဝင် ပုံစံမျိုးစုံဖြင့် ကျူးလွန်မှုကြောင့် ချင်းလူမျိုး ၉၈၃ ဦးအထိ သေဆုံးခဲ့သည်ဟု သိရသည်။

စစ်ကောင်စီသည် ချင်းလူမျိုးများအပေါ်တွင် အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှု ဥပဒေနှင့် ဓလေ့ထုံးတမ်း ဥပဒေတို့ဖြင့် ကာကွယ်ပေးထားသော လူပုဂ္ဂိုလ်များ၊ အရာဝတ္တုများ၊ အဆောက်အဦးများ၊ နေရပ်ရွှေ့ပြောင်းသူများ ကာကွယ်ရေးဆိုင်ရာ စည်းမျဉ်းများကို ထပ်တလဲလဲ ချိုးဖောက်နေသည်ဟု ICA က ဆိုသည်။

KMG ပေးပို့သည်။