လူမျိုးရေး ပြဿနာများရှောင်ရှားကြရန် NUG ယာယီသမ္မတ သတိပေးပြောဆို

By MPM 21 ဇူလိုင်, 2024 👁

လူမျိုးရေး ပဋိပက္ခများရှောင်ရှားရန်နှင့် တော်လှန်ရေးအင်အားစုများ ပိုမိုစည်းလုံးညီညွတ်ကြရန် အမျိုးသားညီညွတ်ရေးအစိုးရ NUG ယာယီသမ္မတ ဒူဝါလရှီးလက သတိပေးပြောဆိုလိုက်သည်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG က ဇူလိုင်လ ၁၆ ရက်နေ့တွင် ပြုလုပ်ခဲ့သည့် ၂၀/၂၀၂၄ အစိုးရအဖွဲ့ အစည်းအဝေးတွင် NUG ယာယီသမ္မတ ဒူဝါလရှီးလ အထက်ပါကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

ဒူဝါလရှီးလက “ဒီနေရာမှာ လူမျိုးရေးအသွင်ဆောင်တဲ့ ပဋိပက္ခထောင်ချောက်တွေကိုလည်း ရှောင်ရှားနိုင်ဖို့ သတိရှိရမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ မိမိတို့တိုင်းရင်းသား ပြည်သူလူထု အချင်းချင်းအကြား သဟဇာတဖြစ်မှု ကြီးမားလာအောင် လုပ်ရမှာဖြစ်သလို၊ လက်နက်ကိုင် တော်လှန်ရေး အင်အားစုအချင်းချင်း စုစည်းညီညွတ်နိုင်အောင်လည်း အစဉ်တစိုက် ကြိုးစားအားထုတ်နေရမှာ ဖြစ်ပါတယ်” ဟု ပြောသည်။

ထို့အပြင် ခုခံတော်လှန်စစ်တွင် အခြေအနေအရပ်ရပ်ကို အစဉ်တစိုက် လေ့လာသုံးသပ်နေရန် အစည်းအဝေးတက်ရောက်သည့် ဌာနဆိုင်ရာအသီးသီးက တာဝန်ရှိသူများကို NUG ယာယီသမ္မတက တိုက်တွန်းပြောဆိုပါသည်။

NUG ယာယီသမ္မတ ဒူဝါလရှီးလက “အထူးသဖြင့် နွေဦးတော်လှန်ရေးဟာ လူထုတော်လှန်ရေးကို နိုင်ငံရေး အရ၊ စစ်ရေးအရ ပေါင်းစပ်ထားတာ ဖြစ်သလို၊ လူမှုတော်လှန်ရေးအနေနဲ့လည်း အသွင်ဖော်ဆောင်ထားနိုင်တာကို တွေ့ရပါတယ်။ ဒါ့ကြောင့် နယ်ပယ်တိုင်း ကဏ္ဍတိုင်းမှာ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်မှုတွေဟာ အင်မတန် များပြားကျယ်ဝန်းတာကို တွေ့ရပါတယ်။ ကျနော်တို့အနေနဲ့ ထိထိရောက်ရောက်ဖြစ်မှုနဲ့ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်မှုကို ပေါင်းစပ်နိုင်အောင်လည်း ကြိုးစားဖို့လိုပါတယ်” ဟု ဆိုသည်။

လက်ရှိ နွေဦးတော်လှန်ရေး ကာလအတွင်း ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် ချင်းပြည်နယ်တို့တွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းအချင်းချင်းအကြား နယ်မြေအငြင်းပွားဆိုင်ရာ ကိစ္စရပ်များ ရှိနေသကဲ့သို့ စစ်ကိုင်း တိုင်းတွင်လည်း ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ပြည်သူများ၏ လယ်မြေများကိုဖြတ်ပြီး လမ်းဖောက်လုပ်မှုကြောင့် လူထုများနှင့် ပြဿနာများ ဖြစ်ပွားခဲ့သည်။

ထို့အပြင် ရခိုင်ပြည်နယ်တွင်လည်း စစ်ကောင်စီက ရခိုင်လူမျိုးများနှင့် ရိုဟင်ဂျာများကြားတွင် လူမျိုးရေးပဋိပက္ခဖြစ်အောင် သွေးထိုးလှုံ့ဆော်မှုများကို ဆက်တိုက်ဆိုသလို လုပ်ဆောင်နေသည်ဟု ရခိုင်ပြည်နယ်အရေး လေ့လာစောင့်ကြည့်နေသူများ၊ ဒေသခံများနှင့် အာရက္ခတပ်တော် ULA/AA ၏ ထုတ်ပြန်ချက်များတွင် ဖော်ပြထားသည်။

လက်ရှိ နွေဦးတော်လှန်ရေးသည် စစ်အာဏာရှင်စနစ် အမြစ်ဖြတ်ချေမှုန်းရေး တိုင်းရင်းသားလွတ်မြောက်မှု တော်လှန်ရေးကို ပေါင်းစပ်ထားခြင်းဖြစ်သည်ဟု ယာယီသမ္မတက ပြောသည်။

ထိုအချင်းအရာသည် ၂၀၂၃ ခုနှစ်နှင့် ၂၀၂၄ ခုနှစ်အတွင်း၌ ပိုပြီး သိသာထင်ရှားလာပြီး စစ်အာဏာရှင် အမြစ်ဖြတ် ချေမှုန်းရေးကို လုပ်ဆောင်ရင်းနှင့် တိုင်းရင်းသား လွတ်မြောက်ရေးတိုက်ပွဲများ အောင်ပွဲခံလာနိုင်သည်ကို တွေ့ရသည်ဟု NUG ယာယီသမ္မတက ဆိုသည်။

ထို့အပြင် တိုင်းရင်းသားဒေသများ၏ အမျိုးသားလွတ်မြောက်ရေး လှုပ်ရှားမှုအားလုံးသည် စစ်အာဏာရှင်စနစ် ပြိုလဲခြင်း၏ သင်္ကေတတစ်ခုဖြစ်ပြီး အပြန်အလှန်အားဖြင့် နွေဦးတော်လှန်ရေး တိုင်းရင်းသားလွတ်မြောက်ရေး လှုပ်ရှားမှုများကို တိုက်ရိုက်ချက်ကြိုးဆက်နိုင်ပြီဟုလည်း NUG ယာယီသမ္မတက ပြောဆိုသည်။

ယင်းအပြင် နွေဦးတော်လှန်ရေးကာလအတွင်း တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများနှင့် NUG က ဖွဲ့စည်းထားသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက စစ်ကောင်စီတပ်၏ စခန်းများနှင့် ၎င်းတို့ ထိန်းချုပ်ထားသော မြို့များကို သိမ်းထားနိုင်ရုံ သာမက ထိန်းထားနိုင်ရန်လည်း လိုအပ်ကြောင်း ယာယီသမ္မတ ဒူဝါလရှီးလက ထည့်သွင်းပြောဆိုခဲ့သည်။

ယာယီသမ္မတ ဒူဝါလရှီးလက “ အဲ့ဒါကတော့ စစ်ရေးအရ အောင်မြင်မှုဆိုတာမှာ စခန်းသိမ်းတိုက်ပွဲတွေနဲ့ မြို့သိမ်း တိုက်ပွဲတွေ ဆင်နွှဲနိုင်ရုံနဲ့ ပြီးမြောက်မှု ရှိပြီလို့ မပြောနိုင်သေးဘူးဆိုတဲ့အချက် ဖြစ်ပါတယ်။ သိမ်းပြီးရင် ထိန်းနိုင်ဖို့လိုတယ်ဆိုတာကို မမေ့မလျော့ကြဖို့ ဖြစ်ပါတယ်” ဟု ပြောဆိုသည်။

နွေဦးတော်လှန်ရေးနှင့် တိုင်းရင်းသားလွတ်မြောက်မှု တော်လှန်ရေးသည် အပြန်အလှန်အကျိုးပြု သက်ရောက်နေခြင်းဖြစ်ပြီး လက်ရှိအခြေအနေကို ဆက်လက်ခိုင်မာအောင် လုပ်ဆောင်ကြရန်လည်း လိုအပ်သည်ဟုလည်း ဒူဝါလရှီးလက ပြောပါသည်။

ထိုကြောင့် တိုင်းရင်းသား ပြည်သူလူထုတရပ်လုံးအနေဖြင့် အချင်းချင်းကြား သဟဇာတဖြစ်မှု ကြီးမားလာရန်နှင့် လက်နက်ကိုင်တော်လှန်ရေး အင်အားစုအချင်းချင်း စုစည်းညီညွတ်ရန်လည်း အစဉ်တစိုက် ကြိုးစားအားထုတ်ရမည်ဟု ယာယီသမ္မတက ပြောသည်။

လက်ရှိအခြေအနေကို ဆက်လက်ပြီး ခိုင်မာကျယ်ပြန့်အောင် လုပ်ဆောင်နိုင်ပါက နွေဦးတော်လှန်ရေး၏ ခုခံတော်လှန်စစ်သည် အရှိန်မြှင့်လာနိုင်သည်ဟု ဒူဝါလရှီးလက အသိပေးပြောဆိုခဲ့သည်။

NMG ပေးပို့သည်။