လူနည်းစုဖြစ်သည့် ယင်းတလဲလူမျိုးစုသေဆုံးမှု တစ်နှစ်အတွင်း ၁ ရာခိုင်နှုန်းရှိနေ

0
301
ပုံစာ - ယင်းတလဲလူမျိုးစုသေဆုံးမှုမှာ စစ်ကောင်စီကနေပစ်ခတ်လိုက်တဲ့ လက်နက်ကြီးထိမှန်ပြီး သေဆုံးတာလည်း ပါဝင်နေ။

ကရင်နီ (ကယား) ပြည်အတွင်း မှီတင်းနေထိုင်ကြသည့် တိုင်းရင်းသားမျိုးနွယ်စုတွေထဲမှ လူနည်းစုဖြစ်တဲ့ ယင်းတလဲလူမျိုးစုဟာ ၂၀၂၃ ခုနှစ် တစ်နှစ်အတွင်း သေဆုံးမှုက ၁ ရာခိုင်နှုန်းရှိနေတယ်လို့ ယင်းတလဲအရေး လှုပ်ရှားသူတွေထံမှ သိရသည်။

သေဆုံးရတဲ့ဖြစ်စဉ်တွေမှာ စစ်ကောင်စီကနေ ပစ်ခတ်လိုက်တဲ့ လက်နက်ကြီး ထိမှန်ပြီး သေဆုံးတာတွေအပြင် စစ်ဘေးရှောင်ရင်း နာမကျန်းဖြစ်ပြီး သေဆုံးခဲ့ရတဲ့ သူတွေလည်း ပါဝင်နေတယ်လို့ ယင်းတလဲအရေး လှုပ်ရှားသူတွေက ပြောပါသည်။

ယင်းတလဲအရေး လှုပ်ရှားသူလူငယ်တစ်ဦးက “ကျနော်တို့လူဦးရေက ရှိတာမှ ၁၈၀၀၊ ၁၉၀၀ ဆိုတဲ့ အခါကျတော့ အများကြီးတော့ မရှိပေမယ့် ကျနော်တို့ ခန့်မှန်းခြေလောက် ပြောမယ်ဆို ၂၀ ဝန်းကျင်လောက် ရှိတယ်ပေါ့နော်။ ၂၀ ဝန်းကျင် ဆိုတာက မများဘူးလို့ ပြောလို့ မရဘူးပေါ့နော်။ ဘာလို့လဲဆိုတော့ လူဦးရေနဲ့ ပြန်တွက်မယ်ဆိုရင် ရာခိုင်နှုန်းအနေနဲ့ ၁ ရာခိုင်နှုန်း နီးနီးပေါ့နော်။ အဲလောက်တောင် ရှိတယ် ။ ဒါတောင်မှ တစ်နှစ်အတွင်းပဲ ရှိသေးတယ်နော်။ တစ်နှစ်အတွင်းဖြစ်တဲ့ ပဋိပက္ခကြောင့် သေဆုံးရတဲ့ ဖြစ်စဉ်ပေါ့လေ။ ၁ ရာခိုင်နှုန်းဆိုတဲ့ အခါကျတော့ ဒါဟာများတယ်လို့ ကျနော်တို့ ယူဆလို့ရတယ်ပေါ့နော်” လို့ ပြောဆိုသည်။

ယင်းတလဲလူမျိုးများ အများဆုံးနေထိုင်ကြသည့် ဘောလခဲမြို့နယ်နဲ့ ဖားဆောင်းမြို့နယ်အတွင်း ၂၀၂၃ ခုနှစ် နှစ်ဆန်းပိုင်း ကတည်းက တိုက်ပွဲပြင်းထန်ခဲ့တာကြောင့် နီးစပ်ရာ တောတောင်ထဲတွေအပြင် လွိုင်ကော်မြို့ပေါ်နဲ့ ထိုင်းနယ်စပ်ဘက်ကို အများဆုံး စစ်ရှောင်ကြရတယ်လို့ သိရပါသည်။

လက်ရှိတွင် ယင်းတလဲလူမျိုးစုများသည် အလှူရှင်တွေကိုသာ အဓိက မှီခိုနေကြရပြီး စစ်ရှောင်ကြတဲ့ နေရာတွေမှာ စားနပ်ရိက္ခာများ အပါအဝင် ကျန်းမာရေးနှင့် နေထိုင်ကြရန် အမိုးအကာတွေ အကူအညီ လိုအပ်နေဆဲ ဖြစ်တယ်လို့ ကူညီပေးသူများက ပြောဆိုသည်။

“စစ်ရှောင်သွားတဲ့ ညီမတို့ ယင်းတလဲလူမျိုးစုတွေပေါ့နော်၊ သူတို့တွေရဲ့ စားဝတ်နေရေးကို အခုက ထောက်ပံ့တာ ရနေတယ်ပေါ့နော်။ နောက်ကျရင် ဒီထက်ပိုပြီး အဲလိုမျိုးထောက်ပံ့တာတွေ မရှိဘဲနဲ့ ဖြစ်သွားမှာ စိုးရိမ်တယ် ပေါ့နော်။ ညီမတို့ ယင်းတလဲစစ်ရှောင်တွေကို ကူညီစေချင်တယ်” လို့ ယင်းတလဲလူငယ် အမျိုးသမီးတစ်ဦးက ပြောပါသည်။

စစ်ကောင်စီက ယင်းတလဲလူမျိုးစုတွေ နေထိုင်တဲ့ ကျေးရွာတွေကို လက်နက်ကြီး ပစ်ခတ်တာ၊ လေယာဉ်နဲ့ ဗုံးကြဲတာတွေကို လုပ်တာကြောင့် နေအိမ်အများအပြား ထိမှန်ပျက်စီးခဲ့တဲ့အပြင် လူသေဆုံးမှုလည်း ရှိခဲ့တာပါ။ ဒါတွေဟာ လူသားမျိုးနွယ်စုအပေါ် ကျူးလွန်တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေဖြစ်ပြီး စစ်ရာဇဝတ်မှု မြောက်တယ်လို့ ယင်းတလဲအရေး လှုပ်ရှားဆောင်ရွက်သူတွေက ပြောဆိုသည်။

ကန္တာရဝတီတိုင်း(မ်)- ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here