လိင်နှင့် ကျားမအပေါ် အခြေခံသော အကြမ်းဖက်မှုများ တရားမျှတမှုရစေမည်ဟု NUG ပြော

By MPM 10 ဖေ‌ဖော်ဝါရီ, 2025 👁 7

ပဋိပက္ခအတွင်း လိင်နှင့် ကျား၊ မအပေါ် အခြေခံသော အကြမ်းဖက်မှုများအတွက် တရားမျှတမှုရရှိရန် လုပ်ဆောင်သွားမည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ NUG အပါအဝင် တော်လှန်ရေးအဖွဲ့အစည်းအချို့က ထုတ်ပြန်ပြောဆိုလိုက်သည်။

NUG အပါအဝင် အဖွဲ့ ၅ ဖွဲ့က ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းရေးအတွက် နိုင်ငံရေးဦးတည်ချက် (၆) ရပ်ကို ချမှတ်ခဲ့ပြီး ပဋိပက္ခအတွင်း နစ်နာဆုံးရှုံးသူများထဲတွင် လိင်နှင့် ကျား/မ အပေါ် အခြေခံသော နစ်နာဆုံးရှုံးမှုများ အတွက် အသွင်ကူးပြောင်းရေးကာလတွင် တရားမျှတမှုရရှိရန်ဟူသည့် လုပ်ငန်းစဉ်ဖော်ဆောင်ရေးလည်း ပါဝင်သည်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH မှ ပြောရေးဆိုခွင့်ရှိသူ ဦးစည်သူမောင်က “အသွင်ကူးပြောင်းရေး ကာလရောက်ရင် ကျနော်တို့ မတရားကျူးလွန်ခံရတဲ့ သူတွေမြောက်များစွာရှိနေပါတယ်။ ဖမ်းဆီးထိန်းသိမ်းခံရတာ၊ သတ်ဖြတ်ခံရတာတွေ၊ နေအိမ်တွေကို ချိပ်ပိတ်ခံရတာတွေအပါအဝင် စွန့်လွတ်နစ်နာခံရတဲ့သူတွေအပေါ်မှာ တရားမျှတမှု ပြန်ရှာတဲ့အခါမှာ ကျနော်တို့က ဒီဂျဲန်ဒါရဲ့ အဓိကဖြစ်တဲ့ လိင်နဲ့ ကျား၊ မ အပေါ် အခြေခံတဲ့ အကြမ်းဖက်မှုတွေလည်း ပါဝင်တယ်ဆိုတာ ကျနော်တို့ ဟိုက်လိုက်လုပ်တဲ့ သဘောပေါ့။ အဓိကတော့လေ Transitional Justic ကို အဓိက ဖော်ဆောင်မယ်ဆိုတာကို ကျနော်တို့အနေနဲ့ ရည်မှန်းချက်ထားပြီး ဖော်ပြတာဖြစ်ပါတယ်” ဟု ပြောသည်။

ပဋိပက္ခအတွင်း “လိင်နှင့် ကျား၊ မ အပေါ် အခြေခံသော အကြမ်းဖက်မှုများ အပါအဝင်” မတရားကျူးလွန်ခံရသူများအတွက် တရားမျှတမှုပြန်လည်ရရှိရေး ချင်းညီနောင်အဖွဲ့ (CB)၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH)၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD)၊ အမျိုးသားညီညွှတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) နဲ့ အမျိုးသားညီညွှတ်ရေးအစိုးရ (NUG) တို့က ဖေဖော်ဝါရီလ (၃) ရက်နေ့တွင် ပူးတွဲထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

အကြမ်းဖက်ခံရသူများအတွက် တရားမျှတမှုရရှိရေး ဆောင်ရွက်ပေးနိုင်သည့် အခွင့်အာဏာရှိသော အဖွဲ့အစည်းများမှ ယခုကဲ့သို့ နိုင်ငံရေးဦးတည်ချက်တစ်ရပ်အနေဖြင့် ထုတ်ပြန်လိုက်သည့်အပေါ် ကြိုဆိုအသိမှတ်ပြုထောက်ခံသည်ဟု ကရင်နီအမျိုးသမီးအစည်းအရုံး (KNWO) ဥက္ကဋ္ဌ မော်ဖရေးမြာက ပြောသည်။

“ပဋိပက္ခနဲ့ ဆက်နွယ်နေတဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ ဖြစ်လာပြီဆိုရင် တော်ရုံတန်ရုံနဲ့ အလေးထားမှုတွေ ကိုင်တွယ်ဖြေရှင်းရမယ့်မျိုးတွေက သိပ်မရှိကြဘူးပေါ့နော်။ အမျိုးသမီးအဖွဲ့တွေ ကလည်း ဒီအပေါ်မှာ တိုက်တွန်းနှိုးဆော်တာ အကြံပြုတာတွေပဲ လုပ်နိုင်တယ်။ တစ်ကယ့်လုပ်ပိုင်ခွင့်ရှိတဲ့ NUCC လို NUG လို CRPH လိုမျိုး ကဏ္ဍအသီးသီးက သူတို့ဖက်က လွမ်းမိုးမှုတွေ ရှိနေတဲ့အခါကျတော့ တစ်ကယ့်မူအရ ဥပဒေအရ ရေးဆွဲပြဌာန်းပြီးတော့မှ အရေးယူဆောင်ရွက်ရမယ့် အဖွဲ့အစည်းတွေ ဖြစ်နေတဲ့အခါကျတော့ သူတို့မှာ ဒီလိုမျိုး ပြဌာန်းလာပြီဆိုရင်တော့ ဒါအသိမှတ်ပြုတယ် ပြီးရင် ထောက်ခံတယ်ပေါ့နော်”

စစ်ရေး ပဋိပက္ခ ကာလအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများအပါအဝင် အခြားသော မတရားကျူးလွန်ခံရသူများ အတွက် တရားမျှတမှုရရှိရန်အပြင် လက်ရှိအချိန်ကာလ၌ပင် အရေးယူနိုင်သည့် ကိစ္စရပ်များအား ဆောင်ရွက်သွားရန် လိုအပ်သည်ဟု အမျိုးသမီးအဖွဲ့အစည်းများနှင့် လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူများမှ ထောက်ပြပြောဆိုထားကြသည်။

NMG ပေးပို့သည်။